တာချီလိတ်သို့ ဝင်ရောက်သည့် ထိုင်းလိုင်စင် မော်တော်ယာဉ်များ ယာဉ်ဝင်ခွင့်ကတ် ပြုလုပ်ရတော့မည်

တာချီလိတ်သို့ ဝင်ရောက်သည့် ထိုင်းလိုင်စင် မော်တော်ယာဉ်များ ယာဉ်ဝင်ခွင့်ကတ် ပြုလုပ်ရတော့မည်
စက်တင်ဘာ 17, 2020
By Tachileik News Agency
တာချီလိတ်သို့ ဝင်ရောက်မည့် ထိုင်းလိုင်စင် မော်တော်ယာဉ်များ ယာဉ်ဝင်ခွင့်ကတ် ပြုလုပ်ရတော့မည်
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံလိုင်စင်ဖြင့် ဝင်လာသည့် မော်တော်ယာဉ်များအား ယာဉ်ဝင်ခွင့်ကတ်များ စိစစ်ထုတ်ပေးသည့် စနစ်ကို စတင်ကျင့်သုံးရန် သက်ဆိုင်ရာဌာနများက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှစ၍ လုပ်ငန်းစီမံချက်များ ရေးဆွဲပြင်ဆင်နေကြပြီဖြစ်သည်။
“မြန်မာနိုင်ငံက ကားတွေ၊ မြန်မာနံပါတ်နဲ့ကားတွေ ထိုင်းနိုင်ငံကို သွားလို့ရှိရင် စလစ် (ကမ်းကူးလက်မှတ်) လုပ်ရတယ်။ အရင်က စလစ်လုပ်ဖို့ ဘတ် (၅,၀၀၀)၊ ဘတ် (၆,၀၀၀) ပေးရတယ်။ အခုဆိုရင် ဘတ် (၂၀,၀၀၀) ကနေ (၄၀,၀၀၀) အထိပေးရတယ်။ မြန်မာနိုင်ငံက ကားတွေတင် မဟုတ်ပါဘူး။ သူတို့နိုင်ငံက ကားတွေလည်း ထိုင်းနိုင်ငံကို ဖြတ်သန်းဖို့ ပေးရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ကိုယ့်နိုင်ငံကိုဝင်လာတဲ့ ထိုင်းနိုင်ငံက ကားတွေကို စိစစ်ဖို့လိုလာပြီ။ ဒီအတွက် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ သဘောတူညီချက်ကိုယူပြီးတော့ ကိုယ့်ဒေသနဲ့လည်းကိုက်ညီအောင် ဆောင်ရွက်နေပါတယ်” ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် ပြောသည်။
မယ်ဆိုင်ဘက်သို့ မော်တော်ယာဉ်ဖြင့် ဖြတ်သန်းပါက မြန်မာနံပါတ်ပြားဖြင့် ဖြစ်စေ၊ ထိုင်းနံပါတ်ပြားကို မြန်မာနိုင်ငံသား မောင်းနှင်သည်ဖြစ်စေ မော်တော်ယာဉ်မောင်းနှင်သူ၏ အချက်အလက်များဖြင့် ကမ်းကူးခွင့်လက်မှတ် သို့မဟုတ် ကမ်းကူးခွင့်စာအုပ် လုပ်ဆောင်ထားရပြီး ညအိပ်ခွန်၊ လစဉ်ကြေးလည်း ပေးဆောင်ရခြင်းဖြစ်သော်လည်း တာချီလိတ်မြို့သို့ ဖြတ်သန်းဝင်လာသည့် ထိုင်းနိုင်ငံဘက်မှ မော်တော်ယာဉ်များကို တာချီလိတ်မြို့ ဖြတ်သန်းခွင့်အတွက် ကျပ် (၂,၀၀၀) သာ ကောက်ခံနေခြင်းဖြစ်ကာ ယာဉ်မောင်းအချက်အလက်များ ရယူထားခြင်း မရှိကြောင်း သိရသည်။
“ဟိုအရင်က ထိုင်းနိုင်ငံက ကားတွေ မြန်မာနိုင်ငံကိုလာလို့ရှိရင် ညအိပ်ခွန်ဆိုပြီးကောက်ပါတယ်။ အဲဒီနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် မကောက်ခံဖြစ်တော့ဘူးပေါ့။ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံကကားတွေဝင်လာပြီး ညအိပ်ရင် ညအိပ်ခွန်ဆိုပြီးကောက်ခံဖို့ စီစဉ်နေပါတယ်။ အဲလိုကောက်ခံဖို့အတွက် မြန်မာနိုင်ငံကိုဝင်လာတဲ့ ကားအမျိုးအစား၊ နံပါတ်၊ ယာဉ်မောင်းတွေသိဖို့ လိုပါတယ်။ တံတားကဖြတ်သန်းချိန်မှာ အချက်အလက်ကောက်ခံဖို့ စီစဉ်နေပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကို ကူးသန်းကာ ကုန်ပစ္စည်းသယ်နေသည့် မော်တော်ယာဉ်အများစုမှာ ထိုင်းနိုင်ငံတွင်မှတ်ပုံတင်ထားကြခြင်းဖြစ်ပြီး တာချီလိတ်မြို့သို့ ကုန်စည်ပို့ဆောင်နေသည့် ထိုင်းနံပါတ်ပြားတပ် မော်တော်ယာဉ်ငယ် (၂၀၀) ကျော်နှင့် ဆီသယ်ယာဉ်၊ ကုန်တင်ယာဉ် (၁၅၀) ကျော်ရှိနေကာ အများစုမှာ တာချီလိတ်ဘက်၌ ညအိပ်ရပ်နားကြခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~