တာချီလိတ် နှင့် ကျိုင်းတုံတို့တွင် လေထုအရည်အသွေး ညစ်ညမ်းကာ ခရမ်းရောင်အဆင့် ရောက်နေ၍ အပြင်ထွက်သွားလာသူများ Mask တပ်ကြရန် အသိပေးထား

တာချီလိတ် နှင့် ကျိုင်းတုံတို့တွင် လေထုအရည်အသွေး ညစ်ညမ်းကာ ခရမ်းရောင်အဆင့် ရောက်နေ၍ အပြင်ထွက်သွားလာသူများ Mask တပ်ကြရန် အသိပေးထား
ဧပြီ 13, 2023 | ရှမ်းရှေ့

 

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံ နှင့် တာချီလိတ်မြို့တို့တွင် လေထုအရည်အသွေးမှာ ခရမ်းရောင်အဆင့်တွင်ရှိနေ၍ အပြင်ထွက်သွားလာသူများအနေဖြင့် Mask များ တပ်ကြရန် တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၁၃)ရက်နေ့ နံနက်ပိုင်းက အသိပေးထုတ်ပြန်ထားရှိသည်။

၂၀၂၃ခုနှစ် ဧပြီလ(၁၂)ရက်နေ့မှ ဧပြီလ(၁၃)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်အထိ (၂၄)နာရီအတွင်း တိုင်းတာချက်များအရ ကျိုင်းတုံမြို့၏ လေထုအရည်အသွေး ( AQI )မှာ (၂၅၄)တွင် ရှိနေပြီး တာချီလိတ်မြို့၏ လေထုအရည်အသွေး ( AQI )မှာ (၂၈၇)တွင် ရှိနေကြောင်း သိရသည်။

လေထုညစ်ညမ်းမှုများကြောင့်  "ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့  ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ပါကြောင်း နှင့် မဖြစ်မနေ အပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask များတပ်ဆင်ကြရန်" တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကလည်း အသိပေးထားရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း၌ နှစ်စဉ် မတ်လကစပြီး နွေရာသီအတွင်း တောမီးလောင်မှုများကြောင့် မီးခိုးများဖုံးလွှမ်းပြီး လေထုညစ်ညမ်းမှုများ ဖြစ်ပွားလေ့ရှိသည်။