ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဆီလူးဒေသမှ အတည်ပြုလူနာများ နှင့် ရန်ကုန် - ကျိုင်းတုံ Air Thanlwin လေယာဉ်ခရီးစဉ် အတူစီးလာသူများ၊ ထိတွေ့မှုရှိသူများ ကျန်းမာရေးဌာနသို့ အမြန်ဆက်သွယ်ရန် လိုအပ်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဆီလူးဒေသမှ အတည်ပြုလူနာများ နှင့် ရန်ကုန် - ကျိုင်းတုံ Air Thanlwin လေယာဉ်ခရီးစဉ် အတူစီးလာသူများ၊ ထိတွေ့မှုရှိသူများ ကျန်းမာရေးဌာနသို့ အမြန်ဆက်သွယ်ရန် လိုအပ်နေ
စက်တင်ဘာ 5, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဆီလူးဒေသမှ အတည်ပြုလူနာများ နှင့် ရန်ကုန် - ကျိုင်းတုံ Air Thanlwin လေယာဉ်ခရီးစဉ် အတူစီးလာသူများ၊ ထိတွေ့မှုရှိသူများ ကျန်းမာရေးဌာနသို့ အမြန်ဆက်သွယ်ရန် လိုအပ်နေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့က ရန်ကုန် - ကျိုင်းတုံ Air Thanlwin လေကြောင်းလိုင်းဖြင့် စီးနင်းလာသူ (၃)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် အဆိုပါခရီးစဉ်တွင် လိုက်ပါလာသူများ၊ လက်မှတ်ရောင်းပေးသည့် အေးဂျင့်များနှင့် ကျိုင်းတုံ - ဆီလူးပို့ဆောင်ပေးသည့် ယာဉ်မောင်းများ ပြည်နယ်ကျန်းမာ အရေးပေါ်တုန့်ပြန်ရေးစင်တာ ဖုန်း 09-408449139 သို့ အမြန်ဆုံးဆက်သွယ်ရန်လိုအပ်နေသည်။
ရန်ကုန် - ကျိုင်းတုံ Air Thanlwin လေကြောင်းလိုင်းဖြင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့က ရောက်ရှိလာသူ (၃)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း စက်တင်ဘာလ (၅)ရက်နေ့၌ ဓာတ်ခွဲအဖြေရသဖြင့် အဆိုပါ (၃)ဦးအလုပ်လုပ်ရာ ဆီလူးဒေသ ငှက်ပျောခြံမှ အယောက် (၆၀)ကျော်နှင့် လေယာဉ်အတူစီးနင်းလာသူများအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးနိုင်ရန် ကျန်းမာရေးဌာန တာဝန်ရှိသူများက ဆက်သွယ်နေရာတွင် အဆက်အသွယ်ရရှိသူနည်းနေသေးကြောင်း သိရသည်။
“  လေကြောင်းလိုင်းက ရတဲ့စာရင်းအတိုင်းပဲ ကျွန်တော်တို့ ဆက်သွယ်တော့ တစ်ချို့တွေ ပြောတဲ့ဘာသာစကား ကျွန်တော်တို့ နားမလည်ဘူး။ သူတို့ကလည်း ကျွန်တော်တို့ နားမလည်ဘူး။ ပြီးတော့ အလုပ်ထဲမှာ သူတို့အလုပ်ရှင်က ဖုန်းပြောတာမကြိုက်ဘူးဆိုပြီး ဖု န်းချသွားတဲ့လူလည်းရှိတယ်။ အဲဒီလိုမျိုးတွေပေါ့နော်။ ဒါပေမဲ့ ညပိုင်းတော့ ကျွန်တော်တို့ ပြန်ဆက်ဖို့ရှိတယ်။ လေကြောင်းလိုင်းနဲ့အတူက စာရင်းကကျန်သေးတယ်။ နောက် ဝေသာလီအေးဂျင့်ဆိုတာရှိတယ်။ လေယာဉ်လက်မှတ်အရောင်းအေးဂျင့်ပေါ့။ အဲဒီက လုံးဝဆက်သွယ်လို့မရဘူး။ သူတို့ရောင်းပေးလိုက်တာ (၁၁) ယောက်ရှိတယ်။ အဲဒီအေးဂျင့်ဆီကရောင်းပေးလိုက်တဲ့အထဲက (၂)ယောက်က positive ဖြစ်တယ်။ အဲဒီက ရောင်းပေးတဲ့ (၅)ယောက်အုပ်စု အဆက်အသွယ်ရတယ်။ နောက်ထပ် (၆)ယောက်အုပ်စုက မရဘူး။ စုစုပေါင်း (၂၇)ယောက်မှာ ဆက်သွယ်လို့မရသေးတာ တော်တော်များသေးတယ်။ အလုပ်နားချိန်ပြန်ခေါ်ပါတွေလည်း ရှိသေးတယ်။ ဆက်သွယ်ရရှိမှု အားနည်းနေပါသေးတယ်။ သူတို့ဘယ်ရောက်နေတာလဲ မသိတဲ့သူတွေလည်းရှိတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အတည်ပြုလူနာ (၃)ဦးနှင့် အလုပ်အတူလုပ်ကိုင်နေသည့် ဆီလူးဒေသငှက်ပျောခြံမှ အယောက် (၆၀)ကျော်နှင့် လေယာဉ်အတူစီးလာသူများမှ အဆက်အသွယ်ရရှိသူတို့၏ ဓာတ်ခွဲနမူနာများကို ရယူနေပြီး ဆီလူးဒေသငှက်ပျောခြံတွင် ရခိုင်ပြည်နယ်မှ ကားဖြင့်လာသူများပါ ပါဝင်နေသည်ကို တွေ့ရသဖြင့် ခရီးသွားရာဇဝင်နှင့် ထိတွေ့သူများကို ဆက်လက်ရှာဖွေနေရဆဲဖြစ်ကြောင်း သိရသည်။
“သူတို့က အယောက် (၆၀)ကျော်လုံး အဲဒီရက်ပတ်ချာလည်ကပဲ  ရောက်ကြတယ်။  လေယာဉ်စီးတဲ့သူ ကစီးတယ်။ ကားစီးတဲ့သူက စီးတယ်။ လေယာဉ်စီးတဲ့သူကတော့ စာရင်းပေါ်တာပေါ့။ ကျွန်တော်တို့ အခုဆက်သွယ်တဲ့အခါ မြန်မာစကားပြောတတ်သူတွေနဲ့တော့ အကုန်အဆင်ပြေတယ်။ ကျိုင်းတုံမှာဆိုလည်း (၂)ယောက်၊ (၃) ယောက် အဆက်အသွယ်ရတယ်။ ရန်ကုန်ပြန်သွားတဲ့ သူတွေလည်းရှိတယ်။ ရန်ကုန်ကမှ နေပြည်တော်၊ နေပြည်တော်ကမှ လားရှိုး၊ လားရှိုးကနေမှ အခု မိုင်းရယ်ရောက်နေတဲ့သူလည်းရှိတယ်။ အခု Positive ခုံရဲ့နောက်ကပေါ့နော်။ အဲဒီလူတွေနဲ့လည်း အဆက်အသွယ်ရတယ်။ ရန်ကုန် - ကျိုင်းတုံ Air Thanlwin လေကြောင်းလိုင်းနဲ့ သြဂုတ်လ (၉)ရက်နေ့က အတူစီးလာသူတွေရယ်၊ ကျိုင်းတုံ - ဆီလူးလိုက်ပို့တဲ့ ကားသမားတွေရယ်၊ သူတို့အလုပ်ချိတ်ပေးတဲ့ အေးဂျင့်တွေရယ် အမြန်ဆုံး ဆက်သွယ်ဖို့လိုတယ်။ အခု အယောက် (၆၀)လုံးကို History မေးတဲ့အခါမှာ (၅)ရက်နေ့ကတောင် ပါတယ်ပြောတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။
ကျိုင်းတုံခရိုင်အတွင်း၊ မိုင်းယန်းမြို့နယ်အတွင်း၊ ဆီလူးဒေသတွင် အလုပ်လုပ်ကိုင်ရန် ရခိုင်ပြည်နယ်မှလာသည့် ရွှေ့ပြောင်းလုပ်သား (၆)ဦးသည် သြဂုတ်လ (၉)ရက်နေ့က ရန်ကုန် - ကျိုင်းတုံ Air Thanlwin လေကြောင်းဖြင့် လိုက်ပါလာပြီးနောက် ကျိုင်းတုံမှတစ်ဆင့် မိုင်းယန်း -ဆီလူးဒေသသို့ ကားငှားသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ (၆)ဦးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ (၃)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ နံနက်ပိုင်းက ဓာတ်ခွဲအဖြေရထားသဖြင့် ၎င်းတို့နှင့်ထိတွေ့သူများအား ရှာဖွေနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~