တာချီလိတ်မြို့ရှိ DAT KTV & Club မှ ထိတွေ့သူများအနက်  (၄၁)ဦးတွင် Covid-19 ထပ်တိုးတွေ့

တာချီလိတ်မြို့ရှိ DAT KTV & Club မှ ထိတွေ့သူများအနက်  (၄၁)ဦးတွင် Covid-19 ထပ်တိုးတွေ့
ဇူလိုင် 5, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဟိုတယ်တာချီလိတ်အတွင်းရှိ DAT KTV & Club မှ အတည်ပြုလူနာများနှင့် ထိတွေ့သူများကို အသွားအလာကန့်သတ်ထားပြီး ယနေ့ ဇူလိုင်လ(၅)ရက်နေ့ နေ့လည်ပိုင်းတွင် စစ်ဆေးရာ  DAT KTV & Club တစ်ခုတည်းတွင် ပိုးတွေ့ရှိသူ (၄၁)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

DAT ဘားက ဒီနေ့ (၄၁)ဦး ထပ်တိုးတယ်၊ အခု သူတို့ မိုးကုတ်ရိပ်သာကို ပို့ဖို့ လုပ်နေတယ်။ ဟိုနေ့က (၁၄)ယောက်တွေ့ပြီး Lockdown ချထားတဲ့ ဟာပါ။ မိန်းကလေးကတော့ များတယ်

ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ယနေ့ ဇူလိုင်လ(၅)ရက်နေ့ နေ့လည်ပိုင်းအထိ  တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်းသို့ လာရောက်စစ်ဆေးမှုခံယူသူများထဲက (၁၉)ဦးတွင် Covid-19 တွေ့ရှိထားပြီးနောက် DAT KTV & Club မှ (၄၁)ဦးကို ထပ်တိုးတွေ့ရှိရသည့်အတွက် ယနေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အထိ စုစုပေါင်း (၆၀)ဦးအထိ တွေ့ရှိကြောင်း သိရသည်။

ယနေ့  နေလည်ပိုင်းအထိ တွေ့ရှိထားသည့် (၆၀)ဦး အပါအဝင် ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့ နေ့လည်ပိုင်းအထိ စုစုပေါင်း (၁၂၉)ဦး အထိရှိနေပြီဖြစ်ကြောင်း သိရသည်။