တာချီလိတ်မြို့တွင် အခြေခံစားသောက်ကုန်အရောင်းဆိုင်များသာ နေ့စဉ် နေ့လည်(၁၂)နာရီအထိ  ဖွင့်လှစ်ခွင့်ရှိမည်ဖြစ်ကြောင်း စည်ပင်အသိပေး

တာချီလိတ်မြို့တွင် အခြေခံစားသောက်ကုန်အရောင်းဆိုင်များသာ နေ့စဉ် နေ့လည်(၁၂)နာရီအထိ  ဖွင့်လှစ်ခွင့်ရှိမည်ဖြစ်ကြောင်း စည်ပင်အသိပေး
ဇူလိုင် 28, 2021 | Covid-19| ရှမ်းရှေ့

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် အခြေခံစားသောက်ကုန်များကို နေ့စဉ် နေ့လည်(၁၂)နာရီအထိသာ ရောင်းချခွင့်ပြုသွားမည်ဖြစ်ပြီး  ရွှေဆိုင်မှစ၍ ဆံပင်ညှပ်ဆိုင်အထိ လုံးဝ ဖွင့်လှစ်ခွင့်မရှိကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာယာရေးဌာနက ဇူလိုင်လ(၂၇)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ပြီး ယနေ့ ဇူလိုင်လ(၂၈)ရက်နေ့တွင် စာများကို သက်ဆိုင်ရာ ရပ်ကွက်များကနေတဆင့်  ဆိုင်များကို အသိပေးထားကြောင်း သိရသည်။

အခြေခံလူသုံးကုန်များဖြစ်သည့် ဆေးဝါးပစ္စည်းဆိုင်၊ ရေသန့်၊ ဆပ်ပြာ၊ ဆန်၊ ဆီ၊ မုန့်ဆိုင် နှင့် အိမ်ဆိုင်၊ ကုန်စုံဆိုင်၊ စတိုးဆိုင် နှင့် မုန့်မျိုးစုံဆိုင်များသာ သတ်မှတ်ချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချခွင့်ရှိမည် ဖြစ်သော်လည်း ရွှေဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်အမျိုးမျိုး၊ ဆံပင်ညှပ်ဆိုင်၊ အလှကုန်ဆိုင်၊ ဝပ်ရှော့ နှင့် လေထိုးကျွတ်ဖာ ဆိုင်ကယ်ပြင်ဆိုင်များ၊ စောင်မွေ့ယာ၊ ခြင်ထောင် စသည့် အိမ်တွင်း ပရိဘောဂအရောင်းဆိုင် နှင့် ဖုန်းဆိုင်၊ ဖိနပ်ဆိုင်စသည့် အလားတူဆိုင်များအားလုံး လုံးဝ ဖွင့်လှစ် ရောင်းချခွင့်ပြုမည် မဟုတ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။

ဆိုင်မှာတော့ ရပ်ကွက်ရုံးကနေ အကြောင်းကြားစာ လာပို့သွားတယ်။ ဘယ်နေ့စလည်းဆိုတာတော့ မပါပေမဲ့ ဒီနေ့တော့ (၁၂)နာရီထိုးတာနဲ့ ပိတ်ရတော့မယ်

ဟု အခြေခံလူသုံးကုန်ရောင်းချသည့် ဆိုင်ရှင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၈)ရက်နေ့တွင် ပြောသည်။

Covid-19 တတိယလှိုင်းကာလတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်ခွင့်ပြုထားသည့် အခြေခံလူသုံးကုန်များအနေဖြင့် နေ့စဉ် နံနက်(၆)နာရီမှ နေ့လည်(၁၂)နာရီအထိသာ ရောင်းချခွင့်ရှိမည်ဖြစ်ပြီး Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရမည်ဖြစ်ပြီး မလိုက်နာပါက  ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်းလည်း အသိပေးထားသည်။

တာချီလိတ်မြို့တွင် ဇူလိုင်လ(၂၈)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ (၁၁၀၀)ကျော်အထိရှိနေပြီး Stay at Home အဖြစ်လည်း သတ်မှတ်ထားရှိသည်။