နောင်ချိုမြို့နယ် သံဘိုရွာတိုက်ပွဲတွင် ဒုဗိုလ်မှူးကြီးသက်အောင်အားဖမ်းဆီးရမိ

နောင်ချိုမြို့နယ် သံဘိုရွာတိုက်ပွဲတွင် ဒုဗိုလ်မှူးကြီးသက်အောင်အားဖမ်းဆီးရမိ
ဇန်နဝါရီ 4, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် TNLAနှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ဒုဗိုလ်မှူးကြီး သက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ပူးပေါင်းတပ်ဖွဲ့များသည် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ (၃)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲမှ စစ်ကောင်စီတပ်၏ Drone Jammerစက်အကြီးများ အပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပြီး ဇန်နဝါရီလ (၃)ရက်နေ့ နေ့လယ်ပိုင်းတွင် ကျောက်မဲလေးဘက်မှ သံဘိုကျေးရွာသို့ ကား(၃)စီးနှင့်လာသော စစ်ကောင်စီ စစ်ကူတပ်ဖွဲ့အား ထပ်မံဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေပြီး လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

သံဘိုကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး ထိခိုက်သေဆုံးသူများပြားခဲ့ကာ ပြည့်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှလည်း ရဲဘော်တချို့ ကျဆုံးမှုရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)