မကွေးတိုင်းဒေသကြီးအတွင်း Mask များကို အဆမတန် ဈေးတင်ရောင်းပါက ထောင်ဒဏ် (၆)လမှ (၃)နှစ်အထိ အရေးယူခံရနိုင်

မကွေးတိုင်းဒေသကြီးအတွင်း Mask များကို အဆမတန် ဈေးတင်ရောင်းပါက ထောင်ဒဏ် (၆)လမှ (၃)နှစ်အထိ အရေးယူခံရနိုင်
စက်တင်ဘာ 6, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း Mask များကို အဆမတန် ဈေးတင်ရောင်းပါက ထောင်ဒဏ် (၆)လမှ (၃)နှစ်အထိ အရေးယူခံရနိုင်
ကပ်ရောဂါကာလ၌ Mask များကို ဈေးအဆမတန်တင်၍ ရောင်းချကြောင်း ပေါ်ပေါက်ပါက အနည်းဆုံး ထောင်ဒဏ် (၆)လမှ အမြင့်ဆုံးထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်မည့်အပြင် ငွေဒဏ် ကျပ် (၅)သိန်းအထိပါ ချမှတ်နိုင်မည့် ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
“ဘယ်ပစ္စည်းဟာ သူ့ရဲ့ အနိမ့်ဆုံး ထုတ်လုပ်မှုကုန်ကျစရိတ် ဘယ်လောက်ရှိတယ်ဆိုတာ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး ယူထားတဲ့အချက်အလက်တွေရှိတယ်။ ဥပမာ Mask တစ်ခုကို ထုတ်လုပ်မှုကုန်ကျစရိတ် ဘယ်လောက်ရှိတယ်။ ထုတ်လုပ်သူကလည်း သူ့ရဲ့ ကုန်ကျမှုအပေါ်မှာ ထိုက်သင့်တဲ့အကျိုးအမြတ်ယူပြီးရောင်းချခွင့်ရှိသလို တစ်ဆင့်ပြန်လည်ရောင်းချတဲ့သူကလည်း သူဝယ် ရတဲ့ပစ္စည်းအပေါ်မှာ သင့်တင့်တဲ့ အကျိုးအမြတ်ကို တင်ရောင်းခွင့်ရှိပါတယ်။ ဒီလိုမဟုတ်ဘဲ မတန်တ ဆ ဈေးတင်ရောင်းတယ်ဆိုတာ ပေါ်ပေါက်ရင်တော့ ဥပဒေကြောင်းအရ အရေးယူသွားမှာဖြစ်ပါ တယ်”ဟု မကွေးတိုင်း စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
COVID-19 ကပ်ရောဂါကာလအတွင်း အရေးကြီးကုန်စည်အမျိုးအစားဖြစ်သည့် mask များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအကြောင်းကို  မကွေးမြို့ပေါ်ရှိ စတိုးဆိုင်နှင့် ဆေးဆိုင်လုပ်ငန်းရှင်များအား စက်တင်ဘာလ (၃)ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနတွင် ခေါ်ယူရှင်းလင်းဆွေးနွေးထားကြောင်း သိရသည်။
“သတ်မှတ်ထားတဲ့ ဥပဒေအပေါ် တိကျတဲ့ နည်းဥပဒေနဲ့ မကြပ်မတ်နိုင်ဘူးဆိုရင် တစ်ခြားအကွက်နဲ့ ပြောင်းပြီးလုပ်နေဦးမှာပါပဲ။ ဥပမာ ဈေးနှုန်းမြင့်မရောင်းပါနဲ့ဆိုတော့ ပစ္စည်းမရှိတော့ဘူးလို့ ပြောမယ်။ အဲဒီအခါမှ လက်သိပ်ထိုးပြီးဝယ်ရတော့ ဈေးကြီးလည်းပေးရသေး၊ အသနားလည်းခံရသေး၊ ကျေးဇူးလည်းတင်ရသေး ဖြစ်ကုန်တယ်” ဟု လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးထက်ကိုဝင်းက ဆိုသည်။
ကပ်ရောဂါကာလအတွင်း အခြေခံလိုအပ်သည့် ကုန်ပစ္စည်းများအား အဆမတန်ဈေးတင်ရောင်းခြင်းကို အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၄ အရ အနည်းဆုံး ထောင်ဒဏ် (၆)လမှ အများဆုံး ထောင် ဒဏ်(၃)နှစ်အထိ ချမှတ်ရမည့်အပြင် ကျပ်(၅)သိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~