ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ယာယီကုန်တင်ယာဥ်ရပ်နားစခန်းအား မြို့အဝင် သစ်ဆိပ်ဝန်းသို့ ပြောင်းရွှေ့

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ယာယီကုန်တင်ယာဥ်ရပ်နားစခန်းအား မြို့အဝင် သစ်ဆိပ်ဝန်းသို့ ပြောင်းရွှေ့
ဒီဇင်ဘာ 5, 2020
By Tachileik News Agency

 

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ  ယာယီကုန်တင်ယာဥ်ရပ်နားစခန်းအား မြို့အဝင် သစ်ဆိပ်ဝန်းသို့ ပြောင်းရွှေ့
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဝါရီကောခူ အထက(ခွဲ)ကျောင်းဝန်းတွင်  ဖွင့်လှစ်ထားသည့်  ယာယီကုန်တင်ယာဉ်ရပ်နားစခန်းအား အနီးဝန်းကျင်နေသူများနှင့် ဒေသခံများ၏ တောင်းဆိုချက်အရ လွိုင်ကော်မြို့အဝင်  သစ်ဆိပ်ဝန်းသို့  ဒီဇင်ဘာ (၃)ရက်နေ့ ည​နေကစပြီး  ပြောင်းရွေ့လိုက်ကြောင်း သိရသည်။
"ကုန်တင်ကားကြီးတွေကလည်း ကားကြီးမှာရှိတဲ့ စပယ်ယာတွေက စည်းကမ်းရှိတဲ့ လူလည်းရှိသလို မရှိတဲ့လူက ညကျတော့ ထွက်တဲ့အခါကျတော့ သူတို့အတွက် အန္တရာယ် ကူးစက် လာနိုင်တဲ့အနေအထားမျိုးရှိပါတယ်။ ဒါကြောင့် သင့်တော်နဲ့နေရာကိုရွှေ့ပေးပါလို့ တောင်းဆိုတဲ့ အခါကျတော့ ကယားပြည်နယ်အစိုးရအဖွဲ့ကနေပြီး‌တော့ ကွင်းပြင်ကျယ်ကြီးရှိတဲ့နေရာဆိုလို့ ဒီတစ်နေရာမှာပဲရှိတယ်။  ဒီနေရာမှာလုပ်ရင် မကောင်းဘူးလားဆိုပြီး နှစ်ကြိမ်သုံးကြိမ်လောက် ကွင်းဆင်းပါတယ်။ ‌ခေတ္တဝန်ကြီးချုပ်လည်းပါတယ်။ ခရိုင်တာဝန်ရှိသူတွေလည်း ပါတယ်။ ဒီနေရာက အဆင်ပြေတယ်။"ဟု လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး အမှုဆောင်အရာရှိ ဦးသန်းထွန်းက သတင်းမီဒီယာများသို့ ပြောသည်။ 
ယာယီကုန်တင်ယာဥ်ရပ်နားစခန်းအား လွိုင်ကော်မြို့နယ်၊ ဝါရီကောခူကျေးရွာနှင့် ပီကင်းကောခူကျေးရွာ နှစ်ရွာ၏ အလယ်တွင် ဖွင့်လှစ်ထားခြင်းကြောင့် Covid-19 ရောဂါကူးစက်မှုများ ဖြစ်လာမည်ကို စိုးရိမ်၍ ရွေ့ပြောင်းပေးရန် ဒေသခံများက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ 
လွိုင်ကော်မြို့နယ် မြန်မာ့သစ်လုပ်ငန်းသစ်ထုတ်ရေးဌာန လွိုင်ကော်သစ်ဆိပ်ဝန်းတွင် ပြောင်းရွှေ့ထားသည့် ​ကုန်တင်ယာဉ်ရပ်နားစခန်းသစ်မှာ ယာဥ်မောင်းနှင့် ယာဉ်နောက်လိုက် လူဦးရေ (၁၅၀)ကျော် နေထိုင်နိုင်ရန်အိပ်ဆောင်အခန်းများတွင် အိမ်သာ၊ ရေချိုးခန်းနှင့် လျှပ်စစ်မီးသုံးစွဲနိုင်ရန်  ပြင်ဆင်ထားပြီး အိပ်ဆောင်  (၃) ရုံ ၊ ကျန်းမာရေးစစ်ဆေးရန် အဆောက်အအုံ (၁)ခု နှင့် အုပ်ချုပ်မှုအဖွဲ့အတွက် အဆောက်အအုံ( ၁) ခု စုစုပေါင်း အဆောက်အအုံ (၅)ခုပါဝင်ပြီး ကားထားရှိရန် နေရာများလည်း စီစဥ်ထားကြောင်းသိရသည်။ 
ကားဝန်းစခန်းပြုလုပ်ခဲ့ခြင်းကြောင့် ပျက်စီးသွားသည့် ကျောင်းအားကစားကွင်း၊ အဆောက်အအုံ၊  သစ်ပင်ပန်းပင် နှင့် အမှိုက်ပုံများနှင့်  ပတ်သက်၍   ပြင်ဆင်ပေးနိုင်ရန် ​ပြည်နယ်အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း ဝါရီကောခူ ဥက္ကဋ္ဌ  ဦးလှငူက ဆိုသည်။ 
"ဒီရွာသားတစ်ယောက်မှ ဘာမှမဖြစ်ပဲ အခုလိုမျိုးအခြေအနေ ကောင်းတဲ့အတိုင်းအတာမှာရှိနေ သေးတဲ့အချိန်မှာ သူတို့က ပြောင်းပေးမယ်ဆိုတဲ့ အခါကျတော့လည်း ကျွန်တော်တို့ ဝမ်းသာတာပေါ့နော်။ ပျက်စီးသွားတာတွေ အများကြီးရှိတယ်လေ။  ကျွန်တော် ​တို့စာသင်ကျောင်းမှာ အားကစားကွင်း (၂)ကွင်း၊ အဲနှစ်ကွင်းလည်း ပျက်စီးတယ်။ ပြီးတော့ စည်းမဲ့ကမ်းမဲ့ပေါ့ အမှိုက်တွေ ကျောင်းပတ်ပတ်လည်မှာ အများကြီး သွားတောင်မသွားရဲတော့ဘူး။ အဲမှာကျောင်းက တော်တော်လေး အမှိုက်ပုံကြီးဖြစ်သွားတယ်။"ဟု  ၎င်းမှ ပြောသည်။ 
မြို့နှင့် အနည်းငယ် အလှမ်းဝေးသည့် နေရာအသစ်တွင် ပြောင်းရွေ့လိုက်ခြင်းကြောင့် စားသောက်ရေးအတွက် အဆင်မပြေမှုများရှိနိုင်ကြောင်း ကုန်တင်ယာဥ်မောင်းများက ပြောသည်။
“ဒီမှာကျတော့ သိပ်အဆင်မပြေလောက်ဘူးထင်တာပဲ။ ဘာကြောင့်လဲဆိုတော့က စားရေးသောက်ရေးလည်း နည်းနည်း အခက်အခဲရောက်နေတယ်။ အခက်အခဲဖြစ်တာပေါ့။ ဟိုမှာကျတော့ ဈေးဝယ်တာတို့၊ ဘာတို့ ထွက်လို့ရတယ်။ မနက်ခင်း လက်ဖက်ရည်သောက်ချင်ရင်လည်း လက်ဖက်ရည်၊ ကော်ဖီသောက်ချင်ရင်လည်း ထွက်ဝယ်လို့ရတယ်”ဟု လွိုင်ကော် - မန္တလေးကုန်တင်ယာဉ်မောင်း ဦးနိုင်မင်းထွေးက ပြောသည်။ 
ကယားပြည်နယ်မှ ပြည်နယ် ပြင်ပသို့ ပြေးဆွဲနေသည့် အဝေးပြေး ခရီးသည်တင်ယာဉ်များကို  ယာယီရပ်နားထားပြီး ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေးအတွက် ယာယီကုန်တင်ယာဉ်ရပ်နားစခန်းအား လွိုင်ကော်မြို့ အထက(၆) ကျောင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး  ၂၀၂၀ခုနှစ် အောက်တိုဘာ (၉)ရက်နေ့က  ရှမ်း-ကယားနယ်စပ် ဝါရီကောခူကျေးရွာ၊ အထက(ခွဲ) ဝါရီကောခူကျောင်းဝန်းတွင် ပြောင်းရွေ့ခဲ့ကာ ယခုအခါမှာ နေရာသစ်သို့  ထပ်မံပြောင်းရွေ့ခဲ့ရခြင်းဖြစ်သည်။ 

Tachileik News Agency

သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~