တာချီလိတ်မြို့ အဝိုင်းပတ်အနီးရှိ ငွေလဲဆိုင်အတွင်း အမျိုးသားတစ်ဦးက ဝင်ရိုက်

တာချီလိတ်မြို့ အဝိုင်းပတ်အနီးရှိ ငွေလဲဆိုင်အတွင်း အမျိုးသားတစ်ဦးက ဝင်ရိုက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားထိပ် အဝိုင်းပတ်အနီး ဒီပါကျော်တိုက်တန်းတွင် ဖွင့်လှစ်ထားသည့် ငွေလဲဆိုင်တစ်ဆိုင်၌ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ရောက်လာပြီး ဝင်ရောက်ရိုက်နှက်မှုဖြစ်ပွားကြောင်း သိရသည်။

ငွေလဲဆိုင်ကို မနက်ပိုင်းမှာ ငွေလာလဲတာ။ ပိုက်ဆံက စုတ်နေတော့ ဆိုင်က လက်မခံလိုက်ဘူး။ နေ့လယ်ပိုင်းမှာ ပြန်ရောက်လာပြီး ဆိုင်ထဲဝင်ပြီး တံမြက်စည်းနဲ့ ဝင်ရိုက်တာ

ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂) တွင်နေထိုင်သည့် အောင်ဇင်မင်းဆိုသူက ဝမ်ကောင်းရပ်ကွက်အပိုင်း ဒီပါကျော်တိုက်တန်း၊  အခန်းအမှတ် (၃၀) တွင် ဖွင့်လှစ်ထားသည့် ငွေလဲဆိုင်သို့ နံနက် (၁၀)နာရီဝန်းကျင်က တရုတ်ယွမ်ငွေ (၂၀)တန်အစုတ်တစ်ရွက်ဖြင့် ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုင်ရှင်က ဆိုသည်။

သူက မနက်က တရုတ်ယွမ်ငွေအစုတ် (၂၀)တန်တစ်ရွက်နဲ့ ရောက်လာတယ်။ ရောက်လာတော့ ဒါက လဲလို့မရဘူးဆိုတာ ကောင်းကောင်းမွန်မွန် ပြောလိုက်ပါတယ်။ ပြောလိုက်ပေမဲ့ မကျေနပ်ဘူးထင်ပါတယ်။ နေ့လယ်ပိုင်းကျတော့ ပြန်ရောက်လာပြီး ဆိုင်ထဲကို တံမြက်စည်းရိုးပစ်ထည့်တယ်။ ပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမကို တံမြက်စည်းရိုးနဲ့ လိုက်ရိုက်တာပေါ့။ ကျွန်တော်က ဆိုင်အပြင် ပြေးထွက်တယ်။ သူက တံမြက်စည်းရိုးနဲ့ အနောက်က လိုက်ရိုက်တယ်။ ကျွန်တော်ကလည်း ပတ်ဝန်းကျင် အကူအညီတောင်းတော့ သူလည်း အသိဝင်သွားပုံရတယ်။ ကမ္ဘောဇဘဏ်ဘက် ထွက်ပြေးသွားတာ။ သူ့ကြည့်ရတာ ဆေးကြောင်နေပုံလည်း ရပါတယ်။ အခုတော့ အမှုဖွင့်ထားပါပြီ

ဟု ငွေလဲဆိုင်ပိုင်ရှင်က ပြောသည်။ 

ငွေလဲဆိုင်အတွင်း ဝင်ရောက်ရိုက်နှက်ခဲ့သူအား တာလော့ရပ်ကွက် ကမ္ဘောဇဘဏ်ရှေ့တွင် ဖမ်းဆီးမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး ပ/၁၀/၂၁ ဖြင့် ပိုင်နက်ကျူးလွန်မှု၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။