မန္တလေး - ကျောက်မဲ - လားရှိုး ရထားခရီးစဥ်ကို ပုံမှန်အတိုင်းပြေးဆွဲပေးနေပြီး ပြည်တော်ပြန် ခရီးသည် နှင့် ပြည်တွင်းခရီးသည်များ ရောနှောမရှိရန် စီစဉ်ပေးထား

မန္တလေး - ကျောက်မဲ - လားရှိုး ရထားခရီးစဥ်ကို ပုံမှန်အတိုင်းပြေးဆွဲပေးနေပြီး ပြည်တော်ပြန် ခရီးသည် နှင့် ပြည်တွင်းခရီးသည်များ ရောနှောမရှိရန် စီစဉ်ပေးထား
စက်တင်ဘာ 13, 2020
By Tachileik News Agency

မန္တလေး - ကျောက်မဲ - လားရှိုး ရထားခရီးစဥ်ကို ပုံမှန်အတိုင်းပြေးဆွဲပေးနေပြီး ပြည်တော်ပြန် ခရီးသည် နှင့် ပြည်တွင်းခရီးသည်များ ရောနှောမရှိရန် စီစဉ်ပေးထား

ရှမ်းပြည်နယ်( မြောက်ပိုင်း )ရှိ မြန်မာ့မီးရထား မှ  မန္တလေး - ကျောက်မဲ - လားရှိုး ရထားခရီးစဥ်ကို ပုံမှန်အတိုင်းပြေးဆွဲပေးနေပြီး  Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်တော်ပြန်များနှင့် ပြည်တွင်း ခရီးသည်များအား ရောနှောမှုမရှိစေရန် စီစဉ် ဆောင်ရွက်ပေးထားသည်ဟု မီးရထား တာဝန်ရှိသူထံက သိရသည်။
“ မန္တလေး - လားရှိုးရထားက မေလ (၆)ရက်နေ့ကနေစပြီး နေ့စဥ်ပုံမှန်ပြေးဆွဲပေးနေပါတယ်။ ပုံမှန်  ပြည်တွင်း ခရီးသည်တွေ နည်းပါးသွားပေမယ့် စီးတဲ့သူ အနည်းငယ်တော့ ရှိသေးတယ်။ ပြည်ပပြန်တွေကလဲ လားရှိုးကနေစီးကြပါတယ်။ ပုံမှန် ခရီးသည်တွေနဲ့ ရောနှောမှု မရှိအောင် သပ်သပ်ခွဲထားတဲ့ အတွဲတွေဆီကို ရထားဝန်ထမ်းတွေက လိုက်ပြပေးပါတယ်၊ ရထားပေါ်မှာလဲ နှာခေါင်းစည်း Mask တပ်ဖို့၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ တစ်ခုခုကို ကိုင်ဆောင်ပြီးတဲ့အခါ လက်ဆေးဖို့ စတာတွေကို သေချာစီစဥ်ပေးထားပါတယ်၊ ကိုဗစ်ကာလအတွင်း ပြည်တော်ပြန် စုစုပေါင်း (၂၀,၀၀၀)နီးပါးလောက်ကို သယ်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်” ဟု လားရှိုးဘူတာမှ ရုံပိုင်ကြီး ဦးလှမြင့် က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာ (၁၃)ရက်နေ့တွင် ပြောသည်။
လားရှိုးမှ စီးနင်းလာကြသည့် ပြည်တော်ပြန်များအတွက် လားရှိုးရှိ အုပ်ချုပ်ရေးအဖွဲ့ နှင့် ကိုဗစ် ကော်မတီ၏ ညွှန်ကြားမှုများဖြင့် သွားလာကြခြင်းဖြစ်ပြီး ပုံမှန်ခရီးသွားများအတွက် ရထားလက်မှတ်ဝယ်ယူမည်ဆိုပါက မိမိတို့ နေထိုင်ရာ နေရပ်ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံစာလိုအပ်ကာ ရထားပေါ်ရှိ ပြည်တော်ပြန်များနှင့် ရောနှောမှု မရှိစေရန် ရထားတွဲများကို ခွဲခြားသတ်မှတ်ပေးထားကြောင်း သိရသည်။
မန္တလေး - ကျောက်မဲ - လားရှိုး ရထားခရီးစဥ်အတွက် မန္တလေးမြို့မှ စတင်ထွက်ခွာသည့် ရထားသည် ဘူတာကြီးမှ နံနက် (၄)နာရီတွင် စတင်ထွက်ခွာပြီး လားရှိုးမှ ရထားသည် နံနက် (၅)နာရီတွင် လားရှိုးဘူတာမှ စတင်ထွက်ခွာခြင်းဖြစ်သည်ဟု သိရသည်။
ရောဂါကူးစက်ပြန့်ပွားမှုများပြားသော ဒေသမှ ခရီးသွားများအား သေချာ စိစစ်ဝင်ရောက်နိုင်စေရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲမြို့တို့တွင် ကျန်းမာရေးစစ်ဆေးမှုစင်တာများ ပြန်လည်ထားရှိနေပြီဖြစ်ပြီး  ခရီးသည်တင် ယာဥ်လိုင်းအများစုမှာ ရပ်နားလိုက်ကြပြီဖြစ်သော်လည်း ကုန်စည်စီးဆင်းမှု အခက်အခဲ မဖြစ်စေရေးအတွက် ကုန်တင်ယာဥ်များကိုသာ သွားလာခွင့်ပြုထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~