မယ်ဆိုင် - တာချီလိတ် ကုန်သွယ်ရေးပိတ်ရန်မရှိ၍ တာချီလိတ်တွင် ကုန်ဈေးနှုန်း ပုံမှန်အတိုင်းရှိနေ

မယ်ဆိုင် - တာချီလိတ် ကုန်သွယ်ရေးပိတ်ရန်မရှိ၍ တာချီလိတ်တွင် ကုန်ဈေးနှုန်း ပုံမှန်အတိုင်းရှိနေ
စက်တင်ဘာ 2, 2020
By Tachileik News Agency
မယ်ဆိုင် - တာချီလိတ် ကုန်သွယ်ရေးအတွက် ချစ်ကြည်ရေး အမှတ်(၂)တံတား ပိတ်ရန်မရှိ၍ တာချီလိတ်တွင် ကုန်သွယ်ရေး ပုံမှန်အတိုင်းရှိနေ
မြန်မာနိုင်ငံဘက်တွင် COVID 19 ကူးစက်မှုများလာ၍ ထိုင်းဘက်က မြန်မာနယ်စပ်မှ တရားမဝင် ခိုးဝင်မှုများကို ကြပ်မတ်ခြင်းသာ လုပ်ဆောင်နေပြီး မြန်မာနယ်စပ်နှင့် ကုန်သွယ်မှုကို ကန့်သတ်ရန်မရှိသဖြင့် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်တွင်လည်း ကုန်သွယ်မှု   ပုံမှန်အတိုင်းသာရှိနေသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတား ပိတ်မည်ဟု  ၂၀၂၀ ခုနှစ်၊ သြဂုတ်လကုန်က ကောလဟာလ ထွက်လာပြီးနောက် တံတားပိတ်ပါက ကုန်ဈေးနှုန်းမြင့်တက်မည်ကို ဒေသခံများက စိုးရိမ်ခဲ့ကြသော်လည်း မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်မှုမှာ ပုံမှန်အတိုင်းသာရှိနေ၍ သာမန်ထက်သာ အနည်းငယ် အတက်အကျတာ ရှိကြောင်း သိရသည်။
"တစ်ဖက်နိုင်ငံနဲ့ ညှိနှိုင်းထားတာဖြစ်တဲ့အတွက် တံတားက လောလောဆယ် ပိတ်မယ်ဆိုတဲ့ဟာမျိုးက မရှိသေးပါဘူး။ ကောလဟာလပါ။ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ကျွန်တော်တို့က အဆက်အသွယ်အမြဲတမ်းရှိတဲ့အတွက် တကယ်လို့ ပိတ်မယ်ဆိုရင် ကျွန်တော်တို့ကို ကြိုတင်အကြောင်းကြားမှာဖြစ်ပါတယ်။ ပုံမှန်ကုန်စည်ကူးသန်းသွားလာမှုရှိပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၂)ရက်နေ့တွင် ပြောသည်။
တာချီလိတ်တွင် ယခင်က တစ်နိုင်တစ်ပိုင်ကုန်သွယ်မှုများအတွက် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)မှနေ၍ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ရထားသော်လည်း COVID 19 ကာကွယ်ရေးအတွက် မတ်လ (၂၃)ရက်နေ့မှစ၍ တံတား(၁)ပိတ်ထားချိန်တွင် တစ်နိုင်တစ်ပိုင်အပါအဝင် ကုန်စည်ပို့ဆောင်ရေး အားလုံးကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)ကို အသုံးပြုရာ၌ ထိုင်းဘက်က အကောက်ခွန်ကင်းလွတ်ခွင့်မရတော့သဖြင့်  ယခင်ထက် ကုန်ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် တစ်နိုင်တစ်ပိုင်ကုန်စည်များအပေါ် ထိုင်းနိုင်ငံဘက်မှ အခွန်လျှော့ချပေးရန် တာချီလိတ်ဘက်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများက မယ်ဆိုင်ဘက်တာဝန်ရှိသူများထံ ညှိနှိုင်းဆွေးနွေးနေခြင်းဖြစ်သည်။
"တံတား(၂)ကနေ စားသောက်ကုန်တွေတင်သွင်းတဲ့အခါကျတော့ ထိုင်းနိုင်ငံဘက်က သူ့နိုင်ငံရဲ့ အခွန်အကောက်ဥပဒေအရ ကောက်ယူတာဖြစ်ပါတယ်။ ဒါကြောင့် သာမန်ထက်ဈေးနှုန်းပိုပြီးတော့ တက်တာရှိတာပေါ့။ ဒါပေမယ့်နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ စားသောက်ကုန် လူသုံးကုန် စသဖြင့်ပုံမှန်ဝင်ရောက်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်မှာ စားသောက်ကုန်ပြတ်လတ်တယ်ဆိုတာ မရှိပါဘူး။ ပြည်တွင်းကစားသောက်ကုန်တွေလည်း ဝင်ရောက်နေလို့ တာချီလိတ်မှာ ကုန်ဈေးနှုန်းရုတ်တရက်ထိုးတက်သွားတယ်ဆိုတာမရှိပါဘူး။ သာမန်ထက်နည်းနည်းတက်တာပဲရှိတယ်။ အကြောင်းတစ်ခုခုကြောင့် ဈေး (၂) ဆတက်သွားတယ်ဆိုတာလည်းမရှိပါဘူး"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။ 
လက်ရှိ Covid-19 ကာလအတွင်း၌  မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားအား ကန့်သတ်ချက်များဖြင့် ကုန်သွယ်ရေးအတွက် အသုံးပြုနေပြီး ထိုင်းနိုင်ငံအတွင်းမှ နေရပ်ပြန်များ နှင့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို လက်ခံပေးနေသည့်အပြင် တာချီလိတ်မှ ထိုင်းနိုင်ငံသား နေရပ်ပြန်လိုသူများ နှင့် မြန်မာဘက်က ပြစ်ဒဏ်စေ့ ထိုင်းနိုင်ငံသားများကိုလည်း လွှဲပြောင်းစေလွှတ်ပေးရာတွင် အသုံးပြုနေခြင်း ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့် Covid-19 အခြေအနေကြောင့် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က စ၍ ယနေ့အထိ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားအား ထိုင်းဘက်က စ၍ ပိတ်ထားသော်လည်း နယ်စပ်ကုန်သည်ရေးအတွက် ချစ်ကြည်ရေး အမှတ်(၂)တံတားကို အကန့်သတ်များဖြင့် ဖွင့်လှစ်ပေးထားခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~