ကျောက်မဲမြို့ တိုးဂိတ်အနီးရှိ တည်းခိုခန်း၏ မန်နေဂျာ လင်မယားနှစ်ဦး သတ်ခံရ

ကျောက်မဲမြို့ တိုးဂိတ်အနီးရှိ တည်းခိုခန်း၏ မန်နေဂျာ လင်မယားနှစ်ဦး သတ်ခံရ
စက်တင်ဘာ 9, 2020
By Tachileik News Agency

  ကျောက်မဲမြို့ တိုးဂိတ်အနီးရှိ တည်းခိုခန်း၏ မန်နေဂျာ လင်မယားနှစ်ဦး သတ်ခံရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အိုရီယမ်တယ်ဟိုက်ဝေး တိုးဂိတ်အနီးရှိ နီလွင် တည်းခိုခန်းမှ မန်နေဂျာဖြစ်သူ အမျိုးသားနှင့်ဇနီး တို့ နှစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်ကို ၂၀၂၀ခုနှစ် စက်တင်ဘာ (၈)ရက်၊ ညပိုင်းကတွေ့ရပြီး သတ်ခံရသူ အမျိုးသမီးဝတ်ဆင်ထားသောရွှေထည်အချို့လဲ ပျောက်ဆုံးနေကြောင်း သိရသည်။
စက်တင်ဘာ (၈)ရက်၊ ည(၁၀)နာရီဝန်းကျင်က အဆိုပါ တည်းခိုခန်း၏ မန်နေဂျာဖြစ်သူ ဦးတင်မောင်အေး (ခ)မောင်အေးသည် တည်းခိုခန်း အဝင်ပေါက်ရှိ မန်နေဂျာစားပွဲအနီး၌ လည်ပင်းပြတ်လုနီးနီးပြတ်ရှဒဏ်ရာဖြင့် လဲကျသေဆုံးနေသည်ကို အနီးရှိသူများက တွေ့ရှိခဲ့ပြီး ၎င်း၏ မိသားစုဝင်များနှင့် သက်ဆိုင်ရာသို့ အကြောင် းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာများ၏ စစ်ဆေးချက်အရ သေဆုံးသူ ဦးတင်မောင်အေး၏ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းသည်လည်း မန်နေဂျာစားပွဲအနီးရှိ အခြားအခန်းတစ်ခုအတွင်း ဝမ်းဗိုက်၌ ရရှိထားသော ထိုးသွင်းဒဏ်ရာ (၂)ချက်ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။
သေဆုံးသူများ၏ မိသားစုဝင်များ ပြောပြချက်အရ ဒေါ်ခင်ဝင်း ဝတ်ဆင်ထားသော ကျောက်နီ နားကပ် တစ်ရံ၊ အလေးချိန် (၅)ကျပ်သားခန့်ရှိသည့် ရွှေဆွဲကြိုး တစ်ကုံး နှင့် ရေအိုးပုံ ရွှေဆွဲသီး၊ စပရိန်ပုံ ရွှေလက်စွပ် တစ်ကွင်းမှာ ပျောက်ဆုံးနေသည့်အပြင် တည်းခိုခန်း၌ တပ်ဆင်ထားသော CCTV များလဲ ပျက်နေပြီး မန်နေဂျာစားပွဲမှ တည်းခိုသူ မှတ်တမ်းစာအုပ်လဲ ပျောက်ဆုံးနေသည်ဟု သိရသည်။
"သမီးတို့ မိန်းကလေးသူငယ်ချင်းနှစ်ယောက်က အခန်းထဲမှာ ဖုန်းပွတ်နေတာ။ အဲ့ဒါဖြစ်တဲ့အချိန်လောက် ဘာအသံမှ သတိမထားမိဘူး။ စစချင်းတွေ့တာက တန်းခိုခန်းဘေးက စားသောက်ဆိုင်က အစ်မက သိတာ။ အဲ့ဒါပြီးမှ ဒီမှာ တည်းနေကြသူတွေ တစ်စ တစ်စနဲ့ သိကြတာ"ဟု အခင်းဖြစ်ပွားရာနေရာတွင် တည်းခိုနေသူ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။ 
အသက်(၅၆)နှစ်ဝန်ကျင်းရှိ ဦးတင်မောင်အေး (ခ)မောင်အေး နှင့်  အသက် (၅၂)နှစ်ရှိ ဒေါ်ခင်ဝင်း တို့ (၂)ဦး သတ်ခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေလျက်ရှိပြီး ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၈၆ / ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~