ကယားပြည်နယ်လုံးဆိုင်ရာစုပေါင်း အဲ့ဒိုပေါ်မီ ပွဲတော်အား Covid-19 ကြောင့် အကျဉ်ချုံး၍ ကျင်းပမည်

ကယားပြည်နယ်လုံးဆိုင်ရာစုပေါင်း အဲ့ဒိုပေါ်မီ ပွဲတော်အား Covid-19 ကြောင့် အကျဉ်ချုံး၍ ကျင်းပမည်
စက်တင်ဘာ 26, 2020
By Tachileik News Agency
ကယားပြည်နယ်လုံးဆိုင်ရာစုပေါင်း အဲ့ဒိုပေါ်မီ ပွဲတော်အား Covid-19 ကြောင့် အကျဉ်ချုံး၍ ကျင်းပမည်
ကယားလူမျိုးများ၏ နှစ်စဉ်ရိုးရာမပျက် ကျင်းပကြသည့် စုပေါင်း အဲ့ဒိုပေါ်မီ ပွဲတော်အား ၂၀၂၀ ခုနှစ်အတွင်း COVID 19 ကြောင့် အကျဉ်းချုံးသာ ကျင်းပတော့မည်ဖြစ်သည်။
 “ကျွန်တော်တို့(၈)ကြိမ်မြောက်ပေါ့လေ။ အဲ့ဒိုပေါ်မီ ပွဲတော်ကျင်းပမယ့်အချိန်အခါက ဒီလရာသီထဲမှာပေါ့နော်။ ဒါပေမဲ့ ခါတိုင်းနှစ်လိုမျိုး စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ ကျင်းပနိုင်ခြင်းတော့မရှိဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ COVID 19 ရောဂါကြောင့်ပေါ့လေ။ ကျွန်တော်တို့ အနည်းအကျဉ်း အကျဉ်းချုံးလောက်ပဲ ကျင်းပဖို့ရှိပါတယ်။ ကျင်းပဖို့လည်းစီစဉ်ထားပြီဖြစ်ပါတယ်။ နေ့တစ်ပိုင်းလောက်ပဲ ကျင်းပဖို့စီစဉ်ထားပါတယ်။ လူအများစုစုဝေးဝေး မနေရတဲ့အတွက်ကြောင့် အကျဉ်းချုံးပဲကျင်းပဖို့ ရှိပါတယ်” ဟု ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ ခူးဖဲသူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၂၀၂၀ ခုနှစ်တွင် ကျရောက်သည့် (၈) ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်း အဲ့ဒိုပေါ်မီ ပွဲတော်အား ဖရူဆိုမြိူ့နယ်၊ လောပလျားလဲကျေးရွာ၌ စက်တင်ဘာလ (၃၀)ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး ယခင်နှစ်များကဲ့သို့ ပြည်နယ်တွင်းရှိ ကျေးရွာတိုင်းအား ဖိတ်ကြားခြင်းမပြုတော့ဘဲ အနီးအနားရှိကျေးရွာ အနည်းစု၊  ရပ်မိရပ်ဖများ နှင့် ကော်မတီဝင်အချို့ကိုသာ ဖိတ်ကြား၍ ဒေသခံများကိုလည်း လူဦးရေအကန့်သက်ဖြင့်သာ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ကရင်နီမျိုးနွယ်စုများ၏ ရိုးရာအရ စုပေါင်း အဲ့ဒိုပေါ်မီ ပွဲတော်အား တစ်ပြည်နယ်လုံးရှိ ကျေးရွာများမှ ပွဲတော်ကျရောက်သည့်နေရာသို့ စုပေါင်းလာရောက်ကာ (၅)ရက်တိုင်တိုင် ကျင်းပလေ့ရှိကြခြင်းဖြစ်ပြီး ယဉ်ကျေးမှုအကများ၊ အတီးအမှုတ်များ ၊ရိုးရာယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် ပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ ၊ အဲ့ဒိုပေါ်မီ၏ အမှတ်လက္ခဏာဖြစ်သည့် ဒီကူ(ကောက်ညှင်းထုပ်) နှင့် ရိုးရာအစားစာများ ဧည့်ခံကျွေးမွေးခြင်း၊  ရိုးရာယဉ်ကျေးမှုပြခန်းများ ပြသထားခြင်းများ ပါဝင်လေ့ရှိသော်လည်း ယခုနှစ်တွင် မပါဝင်နိုင်တော့ကြောင်းသိရသည်။
“စုပေါင်းအဲ့ဒိုပေါ်မီ ဆိုတဲ့အဓိပ္ပါယ်ကတော့ အဲ့ ဆိုတာက အားလုံးကိုပြောတာ။ ဒို ဆိုတာကဝါရှောင်တယ်။ ပေါ်မီဆိုတာက မကောင်းဆိုးဝါးကို ပြန်မောင်းထုတ်တယ်။ ကျွန်တော်တို့ အာလုံးစုပေါင်းပြီး ဝါရှောင်ပြီးတော့မှ မကောင်းဆိုးဝါးကို မောင်းထုတ်ကြရအောင်လို့ အဓိပ္ပါယ်သက်ရောက်တယ်။ အမှန်ပြောမယ်ဆို စုပေါင်းအဲ့ဒိုပေါ်မီ ဆိုတာ ကျွန်တော်တို့ ကရင်နီလူမျိုးတို့ရဲ့ လွတ်လပ်ရေးပွဲပါ။ ကျွန်တော်တို့ သူများတွေနဲ့မတူတာ လွတ်လပ်ရေးပွဲ ကျင်းပတာ အနည်းဆုံး(၅)ရက်ကျင်းပပါတယ်။ ကြက်ရိုးထိုးတာကနေ ဒီဖိုဒီးကရီး ကိုပြန်ပို့တဲ့ထိ (၅)ရက်ကျင်းပရပါတယ်။ ”ဟု ပွဲတော်ဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး ခူးပကူး ကပြောသည်။
ကရင်နီသမိုင်းကြောင်းများအရ ယွန်းလူမျိုး မှာ ငွေတောင်ရွှေပြည်ဟုခေါ်သည့် ကရင်နီပြည်အား လာရောက်ကျူးကျော်စဉ် ကရင်နီမျိုးနွယ်စုများမှ ပြန်လည်တိုက်ထုတ်ရာတွင် ထမင်းထုပ်၊ ဟင်းထုပ်များ အစား ကောက်ညှင်းထုပ်ကို စစ်ရိက္ခာအဖြစ်အသုံးပြုခဲ့ကြပြီး ယွန်းလူမျိုးများကို စုပေါင်းအောင်နိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ဒီကူ(ကောက်ညှင်းထုပ်)အား ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ကရင်နီမျိုးနွယ်များကို ကိုယ်စားပြု၍ သုံးထောင့်ပုံသဏ္ဍာန် ကောက်ညင်းထုပ်ကို သုံးခုလျှင် တစည်းတည်းဖြစ်အောင်စည်း၍ ရိုးရာပွဲတော်အဖြစ် ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ရဲ့ စုပေါင်းရိုးရာ အဲ့ဒိုပေါ်မီ ပွဲကို ဘာလို့အထွဋ်အမြတ်ထားတာလဲဆိုရင် ကျွန်တော်တို့ လူမျိုးတွေရဲ့ ရှိသင့်ရှိထိုက်တဲ့ ရိုးရာအမှတ်လက္ခဏာ ရိုးရာပွဲတော်ဖြစ်တဲ့အတွက် ကျွန်တော်တို့ လွတ်လပ်ရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ အထွဋ်အမြတ်ထားတယ်။ ဒီပွဲကို မလုပ်ပါနဲ့လို့ ခင်ဗျား သူတို့ကို သွားပြောရင် ကျွန်တော့်ကိုသတ်လိုက်ပါလို့ပြောတာနဲ့ အတူတူပဲ။ ကျွန်တော်တို့ ကို အင်္ဂလိပ်က လွတ်လပ်ရေးပေးလို့ရတဲ့ ပြည်နယ်မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ဖြစ်စဉ်က ဟိုရှေးရှေးကတည်းက လွတ်လပ်တဲ့ပြည်နယ်တိုင်းပြည် သီးသန့်သန့်လေးရှိနေတဲ့ လူမျိုးအဖြစ်ကျွန်တော်တို့ခံယူထားလို့ပဲ။ ”ဟု ခူးပကူး ကပြောသည်။
ယခင်နှစ် (၇)ကြိမ်မြောက် စုပေါင်းရိုးရာ အဲ့ဒိုပေါ်မီ ပွဲတော်အား ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ၊ နောင်လိုင်ကျေးရွာတွင် (၅)ရက်ကြာ ကျင်းပခဲ့ပြီး ကယားပြည်နယ်လွှတ်တော် ဥက္ကဌ နှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ၊ နိုင်ငံရေးပါတီများ ၊ တိုင်ရင်းသားလူမျိုးစုကိုယ်စားလှယ်များနှင့် ကျေးရွာပေါင်းစုံမှ လူပေါင်းသောင်းချီ တတ်ရောက်ခဲ့ကြပြီး စည်ကားစွာကျင်းပခဲ့သည်။

 Tachileik News Agency

သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~