တာလေ - ကျိုင်းလပ် သွားလမ်းရှိ နမ့်မွေချောင်းတံတားပေါ်တွင် အာဏာသိမ်း စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ငွေကြေး ကောက်ခံနေ

တာလေဒေသအတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်‌ မျိုးမင်းထွန်းက ထောက်ပံ့စဉ်
တာလေဒေသအတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်‌ မျိုးမင်းထွန်းက ထောက်ပံ့စဉ်
တာလေ - ကျိုင်းလပ် သွားလမ်းရှိ နမ့်မွေချောင်းတံတားပေါ်တွင် အာဏာသိမ်း စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ငွေကြေး ကောက်ခံနေ
ဖေဖော်ဝါရီ 17, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ တာလေမှ ကျိုင်းလပ်မြို့သို့သွားသည့်လမ်းပိုင်းပေါ် နမ့်မွေချောင်းတံတားတွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ကုန်ပစ္စည်း တင်ဆောင်ဖြတ်သန်းမှုများအား ငွေကြေးတောင်းခံမှုများကို စစ်တပ်အာဏာသိမ်းပြီးကတည်းက လုပ်ဆောင်နေကြောင်း သိရသည်။

အရင်က ငွေတောင်းတာ မရှိဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ ငွေတောင်းလာတာ။ အခုက ဝက်နှစ်ကောင်လောက် တင်သွားလည်း ဘတ် (၁၀၀)လောက်တောင်းတယ်။ ဘာပစ္စည်းသယ်သယ် ကုန်ပစ္စည်းပါလာရင် ငွေတောင်းတော့တာပဲ။ ကုန်ကားတွေဆို တားပြီးစစ်တယ်။ ပိုက်ဆံတောင်းတယ်။ လူတွေက အခက်အခဲဖြစ်နေကြတာ လမ်းကငွေတောင်းတာတွေများလာတော့ အဆင်မပြေကြဘူးလေ

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကုန်ပစ္စည်းအမျိုးအစားအလိုက် ငွေကြေးတောင်းခံနေကြပြီး ဆေးလိပ်ဖာ (၁)ဖာလျှင် ထိုင်းဘတ်ငွေ (၁၀)ဘတ်၊ ဝက်သယ်လျှင် ဘတ် (၁၀၀)၊ ဆန်သယ်လျှင် ဘတ် (၂၀၀)မှ ဘတ် (၃၀၀) စသဖြင့် တောင်းခံနေကြပြီး ငွေမပေးပါက ပြဿနာရှာခံကြရနေရပြီး တချီလိတ်ခရိုင်အတွင်း၌ အဓိက အားဖြင့် ထိုင်းဘတ်ငွေကိုသာ သုံးစွဲနေကြခြင်း ဖြစ်သည်။

အဆိုပါ ချောင်းကူးတံတားမှာ ကျိုင်းလပ် နှင့် တာလေကြားတွင်ရှိပြီး တာလေမြို့မှ ကျိုင်းလပ်သို့ သွားလျှင် လာအို - မြန်မာ ချစ်ကြည်ရေး တံတားသို့ ရောက်သည်။ 

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အာဏာသိမ်းစစ်တပ်၏ တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ပြည်သူ့စစ်အင်အားမှာ တာချီလိတ်မြို့နယ်အတွင်းအနေဖြင့် (၃၅)ဖွဲ့ရှိပြီး အမာခံအင်အား နှင့် အရန်အင်အားတွင် အရန်အင်အားက ပိုများပြီး အချို့ ပြည်သူ့စစ်များသည် လက်နက်ကိုင်ပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်ချင်သည့်အတွက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အဖြစ် တပ်နယ်အား ငွေကြေးပေးကာ ပြည်သူ့စစ်အဖြစ် ဝင်ထားသူများတွင် မြို့မျက်နှာဖုံး လုပ်ငန်းရှင်များထဲက အချို့သည်လည်း ပြည်သူ့စစ်အဖွဲ့ဝင်များ ဖြစ်ကြသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ ကုန်သွယ်ရေးလမ်းကြောင်းများတွင် အာဏာသိမ်းပြီးနောက်ပိုင်း လမ်းဂိတ်များမှ အဖွဲ့ပေါင်းစုံ၏ ငွေကြေးတောင်းခံမှုများ တိုးလာကြောင်း သိရသည်။