ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့ပြန်လွှဲခံရသူအချို့ ထိုင်းဘက်မှ တာဝန်ရှိသူများကို ထိုင်းဘတ်ငွေ (၇၀၀၀) မှ (၁၀၀၀၀) ကျော်အထိ ပေးဆောင်ခဲ့ရ

ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့ပြန်လွှဲခံရသူအချို့ ထိုင်းဘက်မှ တာဝန်ရှိသူများကို ထိုင်းဘတ်ငွေ (၇၀၀၀) မှ (၁၀၀၀၀) ကျော်အထိ ပေးဆောင်ခဲ့ရ
သြဂုတ် 15, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့ပြန်လွှဲခံရသူအချို့ ထိုင်းဘက်မှ တာဝန်ရှိသူများကို ထိုင်းဘတ်ငွေ (၇၀၀၀) မှ (၁၀၀၀၀) ကျော်အထိ ပေးဆောင်ခဲ့ရ

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခံရသည့် မြန်မာနိုင်ငံသားအချို့ကို ထိုင်းတာဝန်ရှိသူများက တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၇,၀၀၀) မှ (၁၀,၀၀၀) ကျော်အထိ တောင်းယူမှုများရှိနေကြောင်း ၂၀၂၀ ခုနှစ် ၊ သြဂုတ်လ (၁၄) ရက်နေ့တွင် တာချီလိတ်သို့ လွှဲပြောင်းခံရသူများထံမှ သိရသည်။

ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လွှဲပေးရာတွင် နီးစပ်ရာ နယ်စပ်မြို့များသို့ ပို့လေ့ရှိသော်လည်း သြဂုတ်လ (၁၄)ရက်နေ့က တာချီလိတ်ဘက်သို့ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့များတွင် မြဝတီနယ်စပ်သို့ ပြန်လည်လွှဲပို့ပေးရမည့်သူများပါ ပါဝင်လာခြင်းဖြစ်သည်။

“မြဝတီဘက်က  Passport  ရှိတဲ့သူတွေကို လက်မခံသေးဘူး။ ဒါကြောင့် တာချီလိတ်ဘက်ကိုပို့တယ်လို့ သူတို့ပြောတယ်။ သူတို့က ပိုက်ဆံကို (၂) ကြိမ်လာတောင်းတယ်။ ပထမတစ်ကြိမ်လာတောင်းတာက မြဝတီဘက်ကပို့ပေးမယ် (၂၅၀၀) ပေးပြီး တစ်ရက် နှစ်ရက်စောင့်ရမယ်ပြောပြီး တစ်ပတ်လောက်ထိ ပို့မပေးသေးဘူး။ ပြီးတော့ သူတို့နောက်တစ်ခေါက်လာတောင်းတယ် (၄၅၀၀) ဆိုရင်ချက်ချင်းပဲပို့မယ်တဲ့။ ပေးပြီး (၂) ရက်စောင့်ရတယ်။ ပြီးတော့သူတို့ မယ်ဆိုင်ကိုပို့ပေးတာပေါ့”ဟု တာချီလိတ်သို့ လွှဲပြောင်းခံရသည့် မြဝတီမြို့တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားမှတစ်ဆင့် မြန်မာနိုင်ငံသား (၁၁၁) ဦးကို  မယ်ဆိုင်ဘက်က လွှဲပြောင်းပေးအပ်ခဲ့ရာတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများမှ (၃၅) ဦးပါဝင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်မက ဈေးဆိုင်မှာဈေးရောင်းတယ်။ သူဌေးမမရှိတုန်း ဗမာပြည်ကသူတွေပိုက်ဆံကိုင်လို့မရဘူးဆိုပြီး လာဖမ်းတယ်။ စာရွက်စာတမ်းလည်းအပြည့်ရှိတယ်။ သူဌေးမကလိုက်ရွေးပေမဲ့ ဒီဘက်ပြန်ပို့တယ်။ ပြန်ချင်ရင်ပိုက်ဆံပေးဆိုတော့ သမီးမောင်နှမတွေဆီက ပိုက်ဆံချေးပြီးပေးလိုက်ရတယ်။ တစ်ကြိမ်တောင်းတယ် (၈၅၀၀)၊ မြဝတီက Passport သမားတွေလက်မခံဘူး။ မယ်ဆိုင်ဘက်ကိုပို့ပေးမယ်။ နင်တို့ပိုက်ဆံပေးတဲ့။ မယ်ဆိုင်ကနေ တာချီလိတ်ကိုပို့ပေးမယ်တဲ့။ သမီးတို့လည်းအိမ်ပြန်ချင်ဇောနဲ့ ပိုက်ဆံရှာပြီးပေးလိုက်တယ်”ဟု မွန်ပြည်နယ် သံဖြူဇရပ်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံက ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသားကို နယ်စပ်မှတစ်ဆင့် ပြန်လွှဲရာတွင် နီးစပ်ရာ နယ်စပ်မြို့များသို့ ပြန်လွှဲခြင်းဖြစ်ရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီများမှ ပြစ်ဒဏ်စေ့များကို မြဝတီနယ်စပ်မှတစ်ဆင့် ပြန်လွှဲလေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~