အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ကယားပြည်နယ်ရှိ မြို့နယ်(၄)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ကယားပြည်နယ်ရှိ မြို့နယ်(၄)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်
သြဂုတ် 7, 2020
By Tachileik News Agency
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ကယားပြည်နယ်ရှိ မြို့နယ်(၄)ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)မှ ကယားပြည်နယ်ရှိ မြို့နယ်(၄)ခုတွင် ကိုယ်စားလှယ်လောင်း (၁၉) ဦးဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကယားပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ ( ၄) မြို့နယ်အစီအစဉ်ရှိပါတယ်။ အမည်စာရင်းတင်သွင်းပြီးအနေအထားနဲ့ နောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း (၁၉ ) ဦးဖြစ်ပါတယ်။ နယ်အလိုက်ပြောမယ်ဆိုရင်တော့ လွိုင်ကော်မြို့နယ်မှာ( ၅ ) နေရာ၊ ဗမာတိုင်းရင်းသားနဲ့ဆို  (၆) နေရာဖြစ်ပါတယ်။ နောက် ဒီးမော့ဆိုမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် ( ၃) နေရာနဲ့ ဗမာတိုင်းရင်းသား အပါအဝင် (၄) နေရာဖြစ်ပါတယ်။ ဘောလခဲမြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ် (၅ )နေရာအပြည့်ဖြစ်ပါမယ်။ ဗမာတိုင်းရင်းသားအပါအဝင်ပေါ့။ ဖားဆောင်းမြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ် (၅)နေရာနဲ့ ဗမာတိုင်းရင်သားအပါအဝင်( ၆) ဦးဖြစ်ပါတယ်။ အားလုံး (၁၉ )ဦး ဝင်ရောက်ယှဉ်ပြိုင် မှာဖြစ်ပါတယ်”ဟု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၏ ကယားပြည်နယ် ဥက္ကဌ ဦးမန်းအောင်က ပြောသည်။

အမျိုးသားနိုင်ငံရေး ဒီမိုကရက်ပါတီအနေဖြင့် ကယားပြည်နယ် တစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မျှော်မှန်းထားခဲ့သော်လည်း Covid-19 ရောဂါကာလအတွင်း ကန့်သတ်ချက်အခက်ခဲများကြောင့် (၄) မြို့နယ်တွင်သာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

DNP အနေဖြင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ကယားပြည်နယ်တွင်မွေးဖွား၍ အခြေချနေထိုင်သည့်  တိုင်းရင်းသားပေါင်းစုံပါဝင်ကာ  အမျိုးသမီးနှင့် လူငယ်များလည်း ထည့်သွင်းထားသည်ဟု ဆိုသည်။
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီသည် ၂၀၁၉ ခုနှစ်၊ မေလက ပါတီတည်ထောင်ခွင့်ရရှိခဲ့ပြီး ကယားပြည်နယ်တွင် ၂၀၂၀ ခုနှစ်၊ မတ်လ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပါတီမှာ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ဟောင်း ဦးလွန်းမောင်တို့ အပါအဝင် တပ်မတော်အရာရှိဟောင်းများနှင့်  တပ်မတော်မှ အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်တည်ထောင်ထားသည့်ပါတီဖြစ်ပြီး  ပါတီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ဟောင်း သမ္မတရုံးဝန်ကြီးဟောင်း သရေစည်သူဦးစိုးမောင်က တာဝန်ယူထားသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - DNP


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~