တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သွားတွေ့သည့် နိုင်ငံရေးပါတီ (၃၄)ခုအနက် KSDP ပါတီက ပါတီအနေဖြင့် တက်ရောက်ခြင်း မဟုတ်ကြောင်း ထုတ်ပြန်ကြေညာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သွားတွေ့သည့် နိုင်ငံရေးပါတီ (၃၄)ခုအနက် KSDP ပါတီက ပါတီအနေဖြင့် တက်ရောက်ခြင်း မဟုတ်ကြောင်း ထုတ်ပြန်ကြေညာ
သြဂုတ် 15, 2020
By Tachileik News Agency
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သွားတွေ့သည့် နိုင်ငံရေးပါတီ (၃၄)ခုအနက် KSDP ပါတီက ပါတီအနေဖြင့် တက်ရောက်ခြင်း မဟုတ်ကြောင်း ထုတ်ပြန်ကြေညာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နေပြည်တော်တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့၌ သွားရောက်တွေ့ဆုံသည့် နိုင်ငံရေးပါတီ (၃၄) ခုအနက် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ၎င်းတို့၏ ပါတီဥက္ကဌအနေဖြင့် အလွတ်သဘောသွားတွေ့ခြင်းသာဖြစ်ပြီး ပါတီ၏ သဘောထားဆုံးဖြတ်ချက်မဟုတ်ကြောင်း သြဂုတ်လ (၁၅)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
" ပါတီကို ကိုယ်စားပြုပြီး သွားတာမဟုတ်ဘူး။ ဟိုမှာလည်း သူပြောသလောက်ဆိုရင် ဘာသဘောတူညီချက်၊ ဘာဆွေးနွေးချက်၊ ဘာထုတ်ပြန်ချက်မှ မရှိဘူး။ သူတို့ကို ခေါ်တွေ့ပြီး အလွတ်သဘောနဲ့ စကားပြောတာ တစ်ခုပဲရှိတယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ လူထုကို ကျွန်တော်ပြောချင်တာကတော့ အခု ပါတီဥက္ကဌအနေနဲ့ ဒီလိုသွားတွေ့ဆုံတာအပေါ်မှာ အခု ကျွန်တော်တို့ပါတီ သွားချင်တဲ့ ဖက်ဒရယ်လမ်းကြောင်းတွေ၊ ဒီမိုကရေစီလမ်းကြောင်းတွေကနေ လုံးဝသွေဖည်မသွားစေရပါဘူးလို့ ကျွန်တော် ပြည်သူကို ကတိပေးလိုတာပေါ့။ နောက်တစ်ခုက မနေ့ကတွေ့ဆုံတဲ့ပွဲမှာ ကျွန်တော်တို့ပါတီလည်း နာမည်ပါလာတော့ တပ်ချုပ်နဲ့ နောက်ကွယ်မှာ တစ်စုံတစ်ရာ ညှိနှိုင်းဆောင်ရွက်တာတွေ ရှိနိုင်တယ်ဆိုတဲ့ သံသယမျိုးလည်း ရှိလာနိုင်တယ်။ ဒီအတွက်ကတော့ ကျွန်တော်တို့ တာဝန်ယူပါတယ်။ တကယ်လို့ တစ်စုံတစ်ရာရှိလာတယ်ဆိုရင်တောင်မှ ကျွန်တော်တို့ပါတီက ကန့်ကွက်မယ်။ ဖျက်ချမှာဖြစ်တယ်။ အဲဒါကိုတော့ ပြည်သူလူထုကို ပြောချင်ပါတယ်"ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ (၁၅)ရက်နေ့တွင် ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးနေဝင်း၊ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိမ်းကြည်၊  အင်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊  ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်း(ခ)ဆီဖာလာလူ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ နာယက ဦးစောထွန်းကြည်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်၊ ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ  ဒေါ်နန်းရွှေကြာ၊ “ဝ”အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးရန်ကျော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ယာယီဥက္ကဌ ဦးမျိုးညွန့်၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင်၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်၊ ခေတ်သစ်ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ ဦးအောင်သန်း၊ ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းနိုင်၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ ဒုတိယဥက္ကဋ္ဌ  ဦးသောင်းဦး၊ လူထုပါတီ ဥက္ကဋ္ဌ ဦးပါစီပြည်ဟိန်း (ခ)ဦးမျိုးမင်းထွန်း၊  မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်၊ ပြည်သူ့အလုပ်သမားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စန်းမူ၊ ပြည်သူ့အင်အားပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊ ပြည်ထောင်စုလယ်သမား၊ အလုပ်သမားအင်အားစုပါတီ ဥက္ကဋ္ဌ ဦးမင်းသူ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စိန်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး၊ အခြေခံလူတန်းစား ဘဝမြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်တို့ သွားရောက်တွေ့ဆုံကြခြင်းဖြစ်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများလည်း တက်ရောက်ကြကြောင်း သိရသည်။
ယင်းသို့တွေ့ဆုံရာ၌ နိုင်ငံရေးပါတီများအနေဖြင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက် (၆)ချက်အခြေခံ၍ရွေးချယ်ကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးပါတီများကို ပြောကြားကြောင်း သိရသည်။
လာရောက်တွေ့ဆုံကြသည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး နိုင်ငံရေးပါတီများ ကိုယ်စား အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်းတို့က လာမည့်ရွေးကောက်ပွဲကို တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်စေရန် တပ်မတော်မှ ဆောင်ရွက်ပေးစေလိုသည့်အခြေအနေများကို ဆွေးနွေးကြသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
Tachileik News Agency
ဓါတ်ပုံ - TNA , CINCDS
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~