ရှမ်းပြည်နယ်တွင်း နယ်စပ်ဝင်ထွက်ပေါက်များတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခြင်းအတွက် အလိုလျောက်ကိုယ်အပူချိန်တိုင်းတာစက်များ ထပ်တိုးတပ်ဆင်ရန် ကြိုးစားနေ

ရှမ်းပြည်နယ်တွင်း နယ်စပ်ဝင်ထွက်ပေါက်များတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခြင်းအတွက် အလိုလျောက်ကိုယ်အပူချိန်တိုင်းတာစက်များ ထပ်တိုးတပ်ဆင်ရန် ကြိုးစားနေ
ဖေဖော်ဝါရီ 25, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း နယ်စပ်ဝင်ထွက်ပေါက်များတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခြင်းအတွက် အလိုအလေလျာက် ကိုယ်အပူချိန်တိုင်းတာစက်များ  ထပ်တိုးတပ်ဆင်ရန် ကြိုးစားနေ

နယ်စပ်အသီးသီးမှ နေ့စဉ်ဝင်လာသူ (၃၀,၀၀၀) ကျော်ကို ကိုရိုနာဗိုင်းရပ်စ်သံသယ စစ်ဆေးနေရသည့် ရှမ်းပြည်နယ်အတွင်း စောင့်ကြပ်ကြည့်ရှု စစ်ဆေးရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် လူအဝင်များသည့် နယ်စပ်ဂိတ် (၄) ခုတွင် Thermal Scan များ တပ်ဆင်ရေးအပါအဝင် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ ဝန်ထမ်းလိုအပ်ချက်တွေ၊ facilities ပိုင်း လိုအပ်ချက်တွေ ဖြည့်ပေးရမယ်။ တစ်ချို့ကိုတော့ ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြပေးရမယ်။ ဥပမာအားဖြင့် Thermal Scan လိုမျိုးပေါ့။ အခုဆိုရင် မူဆယ်မှာ တစ်ခုနဲ့ တာချီလိတ်မှာ တစ်ခုပဲရှိတယ်။ တစ်နေ့တစ်နေ့ လူဦးရေ သုံးသောင်းလောက်စစ်နေရတော့ တစ်ချို့ဝင်ပေါက်တွေဆိုရင် Thermal Scan နဲ့ စစ်ဖို့ လိုအပ်တာပေါ့။ နောက် Equipment အစုံပါတဲ့ Ambulance လိုမျိုးကို မူဆယ်၊ လောက်ကိုင် တာချီလိတ်မှာ လိုတာကို ကျန်းမာရေးဝန်ကြီးဌာနက ဖြည့်ပေးဖို့ပေါ့

ဟု ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း COVID 19 (ကိုရိုနာဗိုင်းရပ်စ်) ကာကွယ်ရေးအတွက် နယ်စပ်ဂိတ်များ၊ နယ်စပ်များနှင့် ဆက်စပ်နေသည့် မြို့နယ်ဂိတ်များ စုစုပေါင်း နေရာ (၃၀) တွင် ကျန်းမာရေးအဖွဲ့များဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

COVID 19 ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်စပ် ဝင်ထွက်ဂိတ်များဖြစ်သည့် နမ့်ခမ်းမြို့နယ်အတွင်း နောင်တိန်းဂိတ်နှင့် မန်ဟောင်းဂိတ်၊ လောက်ကိုင်မြို့နယ်တွင် ရန်လုံကျိုင်းဂိတ်နှင့် ချင်းရွှေဟော်ဂိတ်၊ မူဆယ်မြို့နယ်အတွင်း နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ မန့်ဟီးရိုးဂိတ်၊ ကြူကုတ်ဂိတ်၊ မုံးကိုးဂိတ်နှင့် ကျင်စန်းကျော့ဂိတ်များတွင် စစ်ဆေးနေသည့်အပြင် မြို့နယ်ချင်းဆက် ဂိတ်များဖြစ်သည့် တန့်ယန်းမြို့နယ်အတွင်း “ဝ”အထူးဒေသ ၂ မှလာသည့် တာကော်အက်၊ ဟိုပန်မြို့နယ်အတွင်း “ဝ”အထူးဒေသ ၂ မှလာသည့် မိုင်းမောဂိတ်နှင့် ဖောင်ဆိပ်ဂိတ်၊ ကွမ်းလုံမြို့နယ်တွင် ကောင်းခါးဂိတ်၊ ကွတ်ခိုင်မြို့နယ်တွင် OH ဂိတ်၊ နမ့်ဆန်မြို့နယ် မြို့ဝင်ဂိတ်နှင့် လားရှိုးလေဆိပ်တို့တွင်ပါ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း လေဆိပ်၊ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား၊ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတား၊ ကျိုင်းလပ်ရှိ မြန်မာ - လာအိုချစ်ကြည်ရေးတံတားနှင့် ဝမ်ပုံစက်လှေဆိပ်၊ မိုင်းယန်းမြို့နယ်အတွင်း မိုင်းလားလမ်းရှိ ဆီလူးဂိတ်နှင့် မိုင်းပေါက်လမ်းရှိ မိုင်းဖျန်ဂိတ်၊ မိုင်းယောင်းမြို့နယ်အတွင်း မိုင်းယုဂိတ်၊ မိုင်းပျဉ်းမြို့နယ်အတွင်း မြို့ဝင်ဂိတ်၊ မိုင်းတုံမြို့နယ်အတွင်း ပုံပါကျင်ဂိတ်နှင့် ကျိုင်းတုံမြို့နယ်အတွင်း လေဆိပ်တို့တွင် စစ်ဆေးနေကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၌ စတင်ဖြစ်ပွားခဲ့သည့် ဗိုင်းရပ်စ်အသစ် COVID 19 ကူးစက်ခံရသူများမှာ တရုတ်နိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုကို မထိန်းချုပ်နိုင်သေးသည့်အပြင် တရုတ်နိုင်ငံတွင်း ရောဂါဖြစ်ပွားရာဒေသများသို့ ခရီးသွားလာခဲ့သူများနှင့်  တရုတ်နိုင်ငံမှ ခရီးသွားများ ရောက်ရှိသည့် အခြားနိုင်ငံများတွင်ပါ ပျံ့နှံ့လာသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့အရေးပေါ်အခြေအနေ ကြေညာထားခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - အင်မိုင်ခ
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~