မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မယ်ဆိုင်ချောင်းတွင် စုပေါင်းအမှိုက်ကောက်ရန် မယ်ဆိုင်ဘက်မှ အဆိုပြု

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မယ်ဆိုင်ချောင်းတွင် စုပေါင်းအမှိုက်ကောက်ရန် မယ်ဆိုင်ဘက်မှ အဆိုပြု
ဇူလိုင် 4, 2020
By 🌸
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မယ်ဆိုင်ချောင်းတွင် စုပေါင်းအမှိုက်ကောက်ရန် မယ်ဆိုင်ဘက်မှ အဆိုပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကြားရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဖြစ်သည့် မယ်ဆိုင်ချောင်းသန့်ရှင်းသာယာရေးအတွက် နှစ်နိုင်ငံပူးပေါင်းပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့တွင် စုပေါင်းအမှိုက်ကောက်ရန် မယ်ဆိုင်ဘက်က အဆိုပြုထားကြောင်း သိရသည်။

“ပုန်းထွန် ဝါးဆိပ်ကနေစပြီး နှစ်ဘက်လူကြီးတွေတွေ့ပြီး ချောင်းတစ်လျှောက်အမှိုက်ကောက်သွားမယ်ပေါ့။ ကောက်တဲ့အခါမှာလည်း သူတို့ဘက်က သူတို့ပြည်သူတွေ၊ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ပြည်သူတွေ ဖြန့်ကြက်ပြီးတော့ ချောင်းတစ်လျှောက် ကောက်သွားမှာပါ”

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မယ်ဆိုင်မြို့ပိုင်မှ မယ်ဆိုင်ချောင်းအတွင်း နှစ်နိုင်ငံစုပေါင်း အမှိုက်ကောက်ရန်အတွက် မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC)မှ တရားဝင်အကြောင်းကြားစာပေးပို့သွားမည်ဖြစ်ပြီး ယင်းကိစ္စရပ်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကာ ခွင့်ပြုချက်ရရှိပါက စုပေါင်းသန့်ရှင်းရေးပြုလုပ်သွားမည်ဖြစ်သည်။

“လူစုလူဝေးမဖြစ်ဖို့ နည်းနည်းနဲ့ ကျဲကျဲလူချပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီလိုအစီအမံလုပ်ဖို့ စီစဉ်ထားပါတယ်”

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

တာချီလိတ်ခရိုင်၊ မြို့နယ်စုပေါင်းရုံးခန်းမတွင် ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့ မနက်ပိုင်းတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် မယ်ဆိုင်မြို့ပိုင်အဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးရာတွင် မယ်ဆိုင်ချောင်းအတွင်း ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့ ထိုင်းစံတော်ချိန် မနက် (၉) နာရီ၊ မြန်မာစံတော်ချိန် မနက် (၈) နာရီခွဲတွင် ပူးပေါင်းသန့်ရှင်းရေးပြုလုပ်ရန် မယ်ဆိုင်ဘက်က အဆိုပြု ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံနယ်စပ် မယ်ဆိုင်ချောင်းတွင် နွေရာသီ ရေနည်းသွားသည့် ကာလ၌ နှစ်နိုင်ငံပူးတွဲ သန့်ရှင်းရေးပြုလုပ်ခြင်းကို နှစ်စဉ်ပြုလုပ်လေ့ရှိခြင်းဖြစ်ပြီး ယခုနှစ်တွင် ပြုလုပ်ပါက COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေဘဲ ဆောင်ရွက်မည်ဟု သိရသည်။

Tachileik News Agency
သတင်း -ဟန်စိုးထိုက်
ဓာတ်ပုံ -ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~