တာချီလိတ်မြို့၏ စစ်ကောင်စီ ထောက်ခံပွဲအတွင်း ဗုံးခွဲသူဟု စွပ်စွဲကာ "ဝ"လူငယ်တစ်ဦး ကို စရဖက ဖမ်းဆီး 

တာချီလိတ်မြို့၏ စစ်ကောင်စီ ထောက်ခံပွဲအတွင်း ဗုံးခွဲသူဟု စွပ်စွဲကာ "ဝ"လူငယ်တစ်ဦး ကို စရဖက ဖမ်းဆီး 
ဖေဖော်ဝါရီ 2, 2022 | ရှမ်းရှေ့

ဗီဒီယိုအညွန်း - ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က တာချီလိတ်မြို့၏ တပ်ထောက်ခံပွဲအတွင်း ဗုံးကွဲပြီးနောက် စစ်ကောင်စီ လက်အောက်ခံများက ရမ်းသမ်းပစ်ခတ်စဉ်

တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ(၁)ရက်နေ့က စစ်ကောင်စီထောက်ခံပွဲအတွင်း ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဗုံးခွဲရာတွင် ပါဝင်သူဟု စွတ်စွဲခံထားရသည့် "ဝ"တိုင်းရင်းသားလူငယ်တစ်ဦးကို စရဖ က ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက်ကာ စစ်ကြောရေး ပြုလုပ်နေကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူမှာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းနေ အသက်(၂၄)နှစ်အရွယ် "ဝ"တိုင်းရင်းသား လူငယ်ဖြစ်သည့် အိုက်စံမိန်းဆိုသူဖြစ်ပြီး ၎င်းအား ဝန်ခံလာရန်အတွက် ညကနေ နေ့လည်အထိ ညှင်းပမ်းနှိပ်စက်နေသည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က Tachileik News Agency သို့ ပြောသည်။

၎င်းအား ဖေဖော်ဝါရီလ(၁)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဟံသာဝတီလမ်းရှိ နေအိမ်တစ်အိမ်၏ CCTV မှတ်တမ်းအရ ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးထားသည့် "ဝ"လူငယ်တစ်ဦး အပါအဝင် အနည်းဆုံး (၁၀)ဦးအထက် ဖမ်းဆီးခံထားရပြီး တာချီလိတ်မြို့မရဲစခန်း နှင့် စရဖရုံးတို့တွင် စစ်ကြောရေးပြုလုပ်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် စစ်တပ်နှင့် ကြံ့ဖွံ့ပါတီတို့ နောက်ကွယ်က ငွေကြေးအကုန်အကျခံကာ စီစဉ်သည်ဟု သတင်းထွက်ပေါ်နေသည့် စစ်ကောင်စီ ထောက်ခံပွဲကို ဇန်နဝါရီလ(၃၁)ရက်နေ့ နှင့် ဖေဖော်ဝါရီလ(၁)ရက်နေ့တို့တွင် (၂)ရက်ဆက်တိုက် လုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ဗုံးကွဲမှုကြောင့် အပါအဝင် စစ်ကောင်စီ၏ လက်အောက်ခံများ၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ထိခိုက်သူ ပိုများခဲ့ကြောင်း သိရသည်။

သူတို့ ထောက်ခံပွဲမှာ အရပ်ဝတ်နဲ့ လက်နက်တကားကားနဲ့ လမ်းတစ်လျှောက်လိုက်လာတယ်။ တကယ်တမ်းဖြစ်လာတော့ ဗုံးကြောင့်ထိတာက မစိုးရိမ်ရဘူး သူတို့ ရမ်းသမ်းပစ်တာက စိုးရိမ်ရတယ်။ သူတို့ ရမ်းသမ်းပစ်လို့ ထိတာကိုတော့ ဒေသတွင်းမှာ  ဖုံးဖိထားကြတယ်။

ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဖေဖော်ဝါရီလ(၁)ရက်နေ့က သေဆုံးသူ (၂)ဦး နှင့် ပြင်းထန်ဒဏ်ရာရရှိသည့် (၆)ဦး အပါအဝင် စုစုပေါင်း ဒဏ်ရာရရှိသူ (၃၅)ဦးကျော်ရှိခဲ့ရာတွင် ပြင်းထန်ဒဏ်ရာရရှိသူ တစ်ဦးသည် ယနေ့ ထပ်မံသေဆုံးသွား၍ သေဆုံးသူ စုစုပေါင်း (၃)ဦးရှိလာကြောင်း သိရသည်။