တာချီလိတ် ကျိုက်ထီးရိုးနှင့် ရွှေတိဂုံတို့တွင် COVID-19 ကော်မတီ၏ စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ပြီးပါက ပြန်လည်ဖွင့်လှစ်နိုင်

တာချီလိတ် ကျိုက်ထီးရိုးနှင့် ရွှေတိဂုံတို့တွင် COVID-19 ကော်မတီ၏ စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ပြီးပါက ပြန်လည်ဖွင့်လှစ်နိုင်
ဇူလိုင် 26, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ ကျိုက်ထီးရိုးနှင့် ရွှေတိဂုံတို့တွင် COVID-19 ကော်မတီ၏ စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ပြီးပါက ပြန်လည်ဖွင့်လှစ်နိုင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ကျိုက်ထီးရီုးစေတီနှင့် ရွှေတိဂုံစေတီ ပရဝုဏ်တို့တွင် COVID 19 ကာကွယ်ရေးအတွက် ပြင်ဆင်မှုများ ဆောင်ရွက်ပြီးပါက ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ဘုရားတွေအကုန်လုံး ပြန်ဖွင့်လို့ရပြီ။ သက်မှတ်ချက်နဲ့အညီတော့ ဆောင်ရွက်ရမှာပေါ့။ လူစုလူဝေးတအားကြီးမဖြစ်ဘဲနဲ့ ခပ်ခွာခွာနေဖို့၊ MASK တွေတပ်ဖို့၊ COVID ကော်မတီရဲ့ စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်ရမှာပေါ့။ အကြောင်းကြားစာတွေကတော့ လကုန်လောက်မှပို့နိုင်မှာပေါ့။ ရုံးပိတ်ရက်တွေရှိနေတော့။ ပြည်နယ်ကနေ ကျွန်တော်တို့ဆီကို သောကြာနေ့ကမှစာဝင်တယ်။ ဒီတနင်္လာနေ့လောက်မှ ပို့နိုင်မှာပေါ့

ဟု တာချီလိတ်ခရိုင်သာသနာရေးဌာနမှ ခရိုင်သာသနာရေးမှူး ဦးထွန်းကြည်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့၌ ပြောသည်။

တာချီလိတ်မြို့ရှိ တာချီလိတ် ရွှေတိဂုံစေတီမှာ လူသိများသည့် အထင်ကရနေရာတစ်ခုဖြစ်၍ COVID 19 ကာကွယ်ရေးအတွက် ကန့်သတ်မှုများ စတင်ချိန်ကတည်းက အများပြည်သူဝင်ထွက်ခွင့်ကို ကန့်သတ်ထားနိုင်ခဲ့သော်လည်း ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံရှိ ကျိုက်ထီးရိုးစေတီမှာ COVID 19 ကြောင့် အများပြည်သူဆိုင်ရာနေရာများအား ကန့်သတ်ထားစဉ်ကာလအတွင်း သွားလာသူများပြားလွန်းသဖြင့် ညွှန်ကြားချက်ထုတ်ကာ ပိတ်ခဲ့ရခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း ဘာသာအားလုံး၏ ဘာသာရေးအဆောက်အဦ ဝတ်ပြုရန်နေရာများကို ဇူလိုင်လ (၂၄)ရက်နေ့မှစ၍ နံနက် (၅)နာရီမှ ည (၇)နာရီအထိ ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း ပြည်နယ်သာသနာရေးဦးစီးဌာနက ညွှန်ကြားထားပြီးဖြစ်သော်လည်း အများပြည်သူကို ပြန်လည်ခွင့်ပြုမည့် ဘာသာရေးဆိုင်ရာနေရာများတွင် လာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ Mask တပ်ဆင်စေခြင်း၊ လက်ဆေးဆပ်ပြာနှင့် လက်ဆေးဘေစင်များ စီစဉ်ပေးထားခြင်း၊ လူစုလူဝေးမဖြစ်စေရန် စီစဉ်ခြင်းနှင့် COVID 19 ကာကွယ်ရေးအသိပညာပေးခြင်းကို အများမြင်သာအောင် ချိတ်ဆွဲထားခြင်းစသည်တို့ကို သက်ဆိုင်ရာ ဘာသာရေးအဆောက်အဦနေရာမှ ဂေါပက၊ ဘာသာရေးတာဝန်ရှိသူများက တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်သည်။

ယင်းအပြင် လိုအပ်ပါက ပိုးသတ်ဆေးဖြန်းခြင်းကိုလည်းဆောင်ရွက်နိုင်ရမည်ဖြစ်ကာ ပြည်လည်ခွင့်ပြုထားသည့်နေရာတွင် အများပြည်သူကျန်းမာရေးကို ထိခိုက်စေသည့်အကြောင်းအရာများ ပေါ်ပေါက်ပါက ပြန်လည်ပိတ်ပင်မည်ဖြစ်ကြောင်း သိရသည်။

ပုံလို့ရှိ ကျိုက်ထီးရိုးစေတီအား ပုံလို့တောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဘိဝိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မ (ပုံလို့ဆရာတော်) မှ တည်ထားခြင်း ဖြစ်ပြီး  ပုံလို့ဆရာတော် နှင့် အလှူရှင်များက ကျိုက်ထီးရိုးတောင်တက်လမ်းအား အဆင်ပြေစွာ တက်နိုင်ရန်အတွက် လမ်းများ ပြုပြင် ခင်းကျင်းခြင်းများ ဆောင်ရွက်ထားသဖြင့် လမ်းလျှောက်တောင်တက်ရန် လာရောက်လေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - Ko SS


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~