၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူမှုတွင် သောက်သုံးရေနမူနာ စစ်ဆေးခြင်း ထည့်သွင်း ဆောင်ရွက်

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူမှုတွင် သောက်သုံးရေနမူနာ စစ်ဆေးခြင်း ထည့်သွင်း ဆောင်ရွက်
ဇန်နဝါရီ 19, 2020
By Tachileik News Agency

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူမှုတွင် သောက်သုံးရေနမူနာ စစ်ဆေးခြင်း ထည့်သွင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ဒေသခံများ အသုံးပြုနေသည့် သောက်သုံးရေသန့်စင်မှုကိုပါ ထည့်သွင်းစစ်ဆေးနေသည်ကို တွေ့ရသည်။

“ကောက်ကွက်တစ်ခုမှာ (၅)အိမ်ရွေးချယ်ပြီး စစ်ပါတယ်။ ကောက်ကွက်အလိုက် စစ်ဆေးရမယ့် အိမ်အရေအတွက် အတိုင်း ဆေးတွေလည်း ပေးထားပါတယ်။ သောက်ရေတွင်းကရေကိုယူပြီး ဆေးပါတဲ့ အိတ်ထဲထည့်ပြီး စစ်ရတယ်။ ရေအရောင်ပြောင်းသွားရင် ဘာပါဝင်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေရှိတယ်။ ဥပမာ ရေက အစိမ်းရောင် သို့မဟုတ် စိမ်းပြာရောင်ပြောင်းသွားရင် အီးကိုလိုင်ပိုးပါတယ်။ သောက်ရေမသန့်ဘူး။ ဒီလိုစစ်တာကို စာရင်းကောက်အဖွဲ့တွေက စာရင်းစစ်ကပဲ စစ်ရတယ်။ ဒီဆေးအိတ်လေးတွေက အမေရိကန်က မှာရတယ်။ တစ်အိတ်ကို ငါးဒေါ်လာရှိတယ်”

ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယ ခရိုင်ဦးစီးမှူး ဦးကျော်စိုးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စု (၁၅၀)လျှင် ကောက်ကွက် (၁) ကွက် သတ်မှတ်ပြီး အဆိုပါ အိမ်ထောင်စုများထဲမှ အိမ်ထောင်စု (၃၅) စုကိုသာ စာရင်းကောက်ယူနေပြီး ယင်းတို့ထဲက နေအိမ် (၅) လုံးမှ သောက်သုံးရေနမူနာများကို စစ်ဆေးခြင်းဖြစ်သည်။

သန်းခေါင်စာရင်းပါ အချက်အလက်များဖြစ်သည့် နယ်မြေအလိုက် လူဦးရေ၊ အသက်အရွယ်၊ ကျား/မ အချိုးအစား၊ ရွှေ့ပြောင်းသွားလာမှုပုံစံ၊ ပညာရေးအဆင့်အတန်း၊ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များနှင့် လူနေမှုဆိုင်ရာအချက်အလက်များကို အခြေခံ၍ နိုင်ငံအတွက် လိုအပ်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို ရေးဆွဲရခြင်းဖြစ်ရာ ၂၀၁၄ လူဦးရေသန်းခေါင်စာရင်းအချက်အလက်များမှ ပြောင်းလဲလာသည့် အခြေအနေများကို အနီးစပ်ဆုံး သိရှိရန်နှင့် ထပ်တိုးကောက်ယူရမည့် အချက်အလက်များ ရရှိရန် ကြားဖြတ်သန်းခေါင်စာရင်းကို ကောက်ယူနေခြင်းဖြစ်သည်။

"၂၀၁၄ တုန်းက မေးခွန်ပုံစံ (၄၁) မျိုးပဲ ကောက်တယ်။ ၂၀၁၉ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းမှာတော့ မေးခွန်းပေါင်း (၁၁၀) ပါလာတယ်။ ပညာရေးဝန်ကြီးဌာနတို့၊ အလုပ်သမားဝန်ကြီးဌာနတို့၊ ကျန်းမာရေးဝန်ကြီးဌာနတို့၊ လူမှုဖူလုံရေးတို့က သိလိုတဲ့မေးခွန်းတွေကို အကုန်ထည့်ထားတယ်။ မေးခွန်းတွေမေးတယ်ဆိုတာ လိုက်လံစစ်ဆေးဖို့လည်း မဟုတ်ဘူး။ အခွန်ကောက်ဖို့လည်း မဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့လည်း မဆိုင်ဘူး"

ဟု တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယ ခရိုင်ဦးစီးမှူး ဦးကျော်စိုးအောင်က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ကောက်ကွက်ပေါင်း (၈၀,၀၀၀) ကျော်ကို အကွက်စေ့ကောက်ယူခဲ့သော်လည်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတွင် ကောက်ကွက် (၄,၀၀၀) ကျော်ကိုသာ ကောက်ယူသွားမည်ဖြစ်သည်။

ကြားဖြတ်သန်းခေါင်စာရင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကောက်ကွက် (၁၀၉) ကွက်၊ တာချီလိတ် ခရိုင်အတွင်း ကောက်ကွက် (၄၅) ကွက်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ (၁၅) ရက်မှ (၂၈) ရက်နေ့အထိ ကောက်ယူနေခြင်းဖြစ်သည်။

ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူခြင်း ပထမအသုတ်တွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တို့တွင်လည်းကောင်း၊ ဒုတိယအသုတ်ကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်းကောင်း၊ တတိယအသုတ်ကို ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကောက်ယူခဲ့ပြီးနောက် စတုတ္ထအသုတ်အဖြစ် ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ကောက်ယူနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~