မြန်မာနိုင်ငံတွင်း ဘာသာရေးဆိုင်ရာ နေရာများအားလုံးကို Covid-19 အမျိုးသားအဆင့် ဗဟိုကော်မတီက ပြန်လည် ဖွင့်လှစ်ခွင့် မပြု

မြန်မာနိုင်ငံတွင်း ဘာသာရေးဆိုင်ရာ နေရာများအားလုံးကို Covid-19 အမျိုးသားအဆင့် ဗဟိုကော်မတီက ပြန်လည် ဖွင့်လှစ်ခွင့် မပြု
ဇူလိုင် 31, 2020
By Tachileik News Agency
မြန်မာနိုင်ငံတွင်း ဘာသာရေးဆိုင်ရာ နေရာများအားလုံးကို Covid-19 အမျိုးသားအဆင့် ဗဟိုကော်မတီက ပြန်လည် ဖွင့်လှစ်ခွင့် မပြု 

ဘာသာရေးဆိုင်ရာ နေရာများ အပါအဝင် အများပြည်သူစုဝေးနိုင်သည့်နေရာများအား  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ခွင့် မပြုသေးကြောင်း COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့၌ ညွှန်ကြားထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ဘာသာရေးဆိုင်ရာနေရာများတွင် လူစုလူဝေး မဖြစ်စေရေးအပါအဝင် COVID 19 ကာကွယ်ရေး အစီအစဉ်များဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှစ၍  နေ့စဉ် နံနက် (၅) နာရီမှ ည (၇) နာရီအထိ ဖွင့်လှစ်ခွင့်ပေးမည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြည်နယ် သာသနာရေးဦးစီးဌာနက ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့ ကတ်ဘိနက်အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဖွင့်လိုက်တာပါ။ ဘာသာ (၄)မျိုးအတွက်ပေါ့နော်။ အဲဒီမှာ ဇူလိုင်လ (၂၈)ရက်နေ့မှာ ဗဟိုက စာလာတယ်။ ဘာကြောင့်ဖွင့်ရလဲ ဖြေရှင်းချက်ပေးပါပေါ့နော်။ ရှမ်းပြည်နယ်တစ်ခုထဲ မဟုတ်ဘူး။ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ မန္တလေးတိုင်းဒေသကြီးတွေပါ ပါတယ်။ ဖွင့်ဖို့ လုံးဝ ခွင့်မပြုပါကြောင်း ဒီကနေ့ စာထပ်ဝင်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မြို့နယ်အလိုက် မြို့နယ်ကော်မတီတွေဖွဲ့ပြီး ဘယ်ဒေသ ဘယ်ဘုရား၊ ဘယ်နေရာတွေကတော့ ဖွင့်ခွင့်ပြုသင့်ပါတယ်ဆိုတာကို စစ်ဆေးပြီး တင်ပြတာမျိုးတွေ လုပ်သွားမယ်လို့ စဉ်းစားထားပါတယ်။ တစ်ပြည်နယ်လုံး အတိုင်းအတာမဟုတ်ဘဲ တစ်မြို့နယ်ချင်းစီ စိစစ်ပြီး တင်ပြတာမျိုး လုပ်မယ်လို့ စဉ်းစားနေပါတယ်။ အခုကတော့ ဗဟိုရဲ့ လမ်းညွှန်ချက်အရ ဖွင့်ခွင့် မရသေးတာပါ

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၃၀)ရက်နေ့၌ ပြောသည်။

COVID 19 ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် ကန့်သတ်ထားသည့်အချက်များမှ အများပြည်သူဆိုင်ရာနေရာဖြစ်သည့် ဘာသာရေးဆိုင်ရာနေရာများအား COVID 19 ကာကွယ်ရေး အစီအစဉ်များဖြင့် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဘာသာရေးအသီးသီးမှ တာဝန်ရှိသူများ ဇူလိုင်လ (၂၁) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဘုရား၊ စေတီပုထိုးများ အပါအဝင် ဘာသာရေးအဆောက်အဦများ၊ ဝတ်ပြုရာနေရာများ၏ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask)များ ထားရှိပေးခြင်း၊ လက်ဆေးဆပ်ပြာနှင့် လက်ဆေးကန်များ ထားရှိပေးခြင်း၊ တစ်ဦးနှင့် တစ်ဦး (၆)ပေအခွာမှ သွားလာ ဝင်ထွက် ဝတ်ပြုနိုင်ရန် စီစဉ်ပေးခြင်းနှင့် လိုအပ်ပါက ပိုးသတ်သန့်စင်စေရန် ဆေးဖြန်းပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ပါက ဖွင့်ခွင့်ပြုမည်ဟု ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ (၃၀) ရက်နေ့အထိ COVID 19 ကူးစက်ခံရသူ (၃၅၃) ဦးရှိနေပြီး ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေဆဲဖြစ်၍ မြန်မာနိုင်ငံတွင် COVID 19 ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို သြဂုတ်လ (၁၅)ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~