သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ (၃)ဦးအထိ ရှိလာသည့် တာချီလိတ်တွင် ဖြစ်ပွားသူအများစုမှာ အသက်(၁၅)နှစ်အထက် အရွယ်များဖြစ်နေ

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ (၃)ဦးအထိ ရှိလာသည့် တာချီလိတ်တွင် ဖြစ်ပွားသူအများစုမှာ အသက်(၁၅)နှစ်အထက် အရွယ်များဖြစ်နေ
ဇူလိုင် 18, 2020
By Tachileik News Agency
သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ (၃)ဦးအထိ ရှိလာသည့် တာချီလိတ်တွင် ဖြစ်ပွားသူအများစုမှာ အသက်(၁၅)နှစ်အထက် အရွယ်များဖြစ်နေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့အထိ  သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၁၄၀) ကျော်ရှိနေပြီး သေဆုံးသူမှာ (၃)ဦးအထိ ရှိလာသည့်အပြင် ဖြစ်ပွားသူ အများစုမှာ အသက် (၁၅)နှစ်အထက် အသက်အရွယ်များဖြစ်ကြောင်း သိရသည်။

ရှမ်းအရှေ့တစ်ခုလုံးမှာ သွေးလွန်တုပ်ကွေးနဲ့သေတာ (၃)ယောက်။ အကုန်လုံးက တာချီလိတ်မြို့နယ်ထဲကပဲ။ သွေးလွန်တုပ်ကွေးဖြစ်တဲ့အရေအတွက်က ဒီနေ့အထိဆိုရင် (၁၄၀)ကျော်ရှိသွားပြီ။ အများစုကတော့ အသက် (၁၅)နှစ်အထက်တွေ များတယ်။ ကျွန်တော်တို့ အရင်က နားလည်ထားတာက သွေးလွန်တုပ်ကွေးဆိုတာ ကလေးတွေအဖြစ်များတယ်ပေါ့။ အခုတော့ လူကြီးတွေ အဖြစ်များနေတယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း မိုင်းကိုးကျေးရွာအုပ်စု၊ ပါဟတ်ကျေးရွာရှိ ပါဟတ်ဘုန်းတော်ကြီးကျောင်းမှ သက်တော် (၄၀) နှင့် သက်တော် (၄၄) ဘုန်းတော်ကြီး (၂) ပါးမှာ ဇွန်လကုန်က သွေးလွန်တုပ်ကွေးရောဂါဖြင့် ပျံလွန်တော်မူခဲ့ပြီးနောက် ဇူလိုင်လ (၁၀) ရက်နေ့က မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာမှ အသက် (၁၁) နှစ်အရွယ် ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပိုးလောက်လန်းနှိမ်နင်းနိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဇွန်လကုန်မှစ၍ အပတ်စဉ် စနေနေ့တိုင်း ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားစေသည့်ခြင်မှာ ရေကြည်ရေသန့်တွင် ပေါက်ပွားနိုင်သဖြင့် မိမိတို့နေထိုင်ရာဝန်းကျင်တွင် ရေတင်ကျန်နေနိုင်သည့် အရာမှန်သမျှကို ရှင်းလင်းခြင်း၊ ရေလှောင်ထားသည့် ရေပုံး၊ ရေကန်များကို ပိုးလောက်လန်းမပေါက်ပွားစေရန် ပြုလုပ်ထားရမည်ဖြစ်သည်။

 Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~