မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖင်းများကို မိုင်းပျဉ်း - မက်မန်းသွားလမ်းပေါ်တွင်  ဖမ်းမိ

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖင်းများကို မိုင်းပျဉ်း - မက်မန်းသွားလမ်းပေါ်တွင်  ဖမ်းမိ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်း ဝမ်ဖြစ်ကျေးရွာအနီး  မိုင်းပျဉ်း-မက်မန်းသွားကားလမ်းတွင် ယာဉ်တစ်စီးအား စစ်ဆေးမှုများပြုလုပ်ရာမှတဆင့် မူးယစ်ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးသည့် ကျပ်သိန်းပေါင်း (၁,၅၈၀)ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းအလေးချိန် (၁,၉၇၅)ကီလိုကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် ဧပြီလ(၂၈)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အချိန်က  မိုင်းပျဉ်း-မက်မန်းသွားကားလမ်းတွင် အိုက်တိန်၊ အိုက်ငဲ နှင့် နာလိန်တို့ လိုက်ပါလာသည့် SKAT အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန် တားမြစ်စဉ် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးမှာ ထွက်ပြေးသွားကြောင်းသိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့က ယာဉ်နှင့်အတူ ကျန်ရစ်သည့် နာလိန်နှင့် ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်တွင် ဆာလာအိတ်များဖြင့် တင်ဆောင်လာသည့်  ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က ကဖင်းများနှင့်အတူ ဖမ်းမိထားသည့်  နာလိန်အား ရိုက်နှက်စစ်ကြောရာမှ ၎င်း၏ ထွက်ဆိုချက်အရ   ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ သယ်ဆောင်ရာတွင် ပါ၀င်သူများဖြစ်သည်ဟုဆိုသည့် စိုင်းအောင်စိန် နှင့် စိုင်းဆွေဖူ တို့အား မိုင်းပျဉ်းမြို့နယ်၊ လွန်ကျိုင်းကျေးရွာအနီးတွင် ထပ်မံဖမ်းမိကြောင်း သိရသည်။



လက်ရှိတွင် ဖမ်းဆီးရမိထားသည့် နာလိန် အပါအဝင် စိုင်းအောင်စိန် နှင့် စိုင်းဆွေဖူ အပြင် ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းမမိသေးသည့် အိုက်တိန် နှင့် အိုက်ငဲတို့ကိုလဲ အမှုတွဲပြီး မိုင်းပျဉ်းမြို့နယ်ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။