တာချီလိတ်ရှိ မြို့မိမြို့ဖ၊ လုပ်ငန်းရှင်၊ အလှူရှင်များက နိုင်ငံတော်အစိုးရကိုယ်စား ဒုတိယအကြိမ်အတွက် စားနပ်ရိက္ခာများကို ဇွန်လ(၁၈)ရက်နေ့ ထောက်ပံ့မည်

တာချီလိတ်ရှိ မြို့မိမြို့ဖ၊ လုပ်ငန်းရှင်၊ အလှူရှင်များက နိုင်ငံတော်အစိုးရကိုယ်စား ဒုတိယအကြိမ်အတွက် စားနပ်ရိက္ခာများကို ဇွန်လ(၁၈)ရက်နေ့ ထောက်ပံ့မည်
ဇွန် 16, 2020
By Tachileik News Agency
တာချီလိတ်ရှိ မြို့မိမြို့ဖ၊ လုပ်ငန်းရှင်၊ အလှူရှင်များက နိုင်ငံတော်အစိုးရကိုယ်စား ဒုတိယအကြိမ်အတွက် စားနပ်ရိက္ခာများကို ဇွန်လ(၁၈)ရက်နေ့ ထောက်ပံ့မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့မိမြို့ဖ၊ လုပ်ငန်းရှင်၊ အလှူရှင်များက နိုင်ငံတော်ကိုယ်စား စားနပ်ရိက္ခာထောက်ပံ့မှု အဖြစ် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့တွင် ပထမအကြိမ် ထောက်ပံ့စဉ်က မရခဲ့သည့် မြို့နယ်အတွင်းမှ အိမ်ထောင်စု (၂,၇၆၆) စုထံ စားနပ်ရိက္ခာများ အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်သည်။

"ကျွန်တော်တို့ အခုလာမယ့် ကြာသပတေးနေ့မှာ ဒုတိယအကြိမ် ထပ်ပြီးထောက်ပံ့မှာ ဖြစ်ပါတယ်။ ဒါကိုလည်း ပထမအကြိမ်တုန်းကလိုပဲ မြို့မိမြို့ဖတွေနဲ့ လုပ်ငန်းရှင်၊ အလှူရှင်တွေက နိုင်ငံတော်ကိုယ်စား ဝိုင်းဝန်းထောက်ပံ့ပေးတာဖြစ်ပါတယ်။ အဲဒီမှာ သက်ဆိုင်ရာ အိမ်ထောင်စုတွေ စုစုပေါင်း (၂,၇၆၆)စု ရှိပါတယ်။ အဲဒါအပြင် လူမှုရေးအသင်းအဖွဲ့အချို့ကိုလည်း ပေးပါမယ်။ နောက်တစ်ခုက ဆွမ်းကွမ်းခက်ခဲတဲ့ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ကျောင်းတွေကိုလည်း ကျွန်တော်တို့ ထောက်ပံ့သွားဖို့ရှိပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား  စားနပ်ရိက္ခာထောက်ပံ့ခြင်းကို တာချီလိတ်မြို့နယ်တွင် မြို့မိမြို့ဖ၊ လုပ်ငန်းရှင်၊ အလှူရှင်များက နိုင်ငံတော်ကိုယ်စား တာဝန်ယူ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပထမအကြိမ်က  ထောက်ပံ့ထားပြီး အိမ်ထောင်စုပေါင်း (၂,၈၅၀)  တွင် မပါဝင်သည့် အိမ်ထောင်စုများအား ဒုတိယအကြိမ်အဖြစ် ထောက်ပံ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖြန့်ဝေပေးရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် အိမ်တိုင်ရာရောက် လှည့်လည်ဖြန့်ဝေပေးနိုင်ရန် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဇွန်လ (၁၆)ရက်နေ့၌ စားနပ်ရိက္ခာများ ဂိုဒေါင်မှ ထုတ်ပေးထားပြီဖြစ်ကြောင်း သိရသည်။

"ဒီ (၁၈) ရက်နေ့မှာ စုရပ်အဖြစ် ဘုန်းကြီးကျောင်း (၄) ကျောင်းကို ရွေးထားတယ်။ နဂါးနှစ်ကောင်ရယ်၊ ငွေတောင်ဦးရယ်၊ ဆန်ဆိုင်း(ခ)ကျောင်းရယ်၊ မဟာမြတ်မုနိရယ်။ ခရိုင်ရယ်၊ မြို့နယ်ရယ်က တာဝန်ရှိသူတွေပါတဲ့အဖွဲ့က ဘုန်းကြီးကျောင်း (၄) ကျောင်းသွားမယ်။ အိမ်ထောင်စု (၄၊ ၅) စုလောက်ကို ဝေပေးမှာပေါ့။ ရပ်ကွက်က သူ့အစီအစဉ်နဲ့သူဝေမယ်။ လူစုလူဝေး မဖြစ်အောင်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ထုတ်ပေးလိုက်တာပေါ့"ဟု တာချီလိတ်မြို့နယ်အတွင်း စားနပ်ရိက္ခာပံ့ပိုးနေသည့် မြို့မိမြို့ဖ နှင့် လုပ်ငန်းရှင်အဖွဲ့မှ တစ်ဦးဖြစ်သူ ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒုတိယအကြိမ်တွင် တာချီလိတ်မြို့နယ်အတွင်းရှိ လိုအပ်နေသည့် အိမ်ထောင်စုများအပြင် အခက်အခဲရှိနေသည့် ဘုန်းကြီးကျောင်းများနှင့် ပရဟိတကျောင်း (၃၆) ကျောင်းအတွက် စုစုပေါင်း ဆန် (၂၄) ပြည်ဝင်အိတ် (၁၀၆) အိတ်၊ ဆီက (၁၀၆) လီတာ၊ ဆားက (၃,၄၇၀) ကီလို၊ ကုလားပဲ ပိသာ (၃၅၀)၊ ခေါက်ဆွဲခြောက်ဖာ (၁၁၅) ဖာ ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။

ပထမနှင့် ဒုတိယအကြိမ် ထောက်ပံ့မှုများအတွင်း ကျန်ရှိသည့် ခက်ခဲနေသည့် အိမ်ထောင်စုများရှိပါက သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~