လွိုင်ကော်မြို့တွင်း ရပ်ကွက်များတွင် အာဏာသိမ်းစစ်တပ်နှင့်ရဲအဖွဲ့တို့ လှည့်လည် စစ်ဆေးနေ

လွိုင်ကော်မြို့တွင်း ရပ်ကွက်များတွင် အာဏာသိမ်းစစ်တပ်နှင့်ရဲအဖွဲ့တို့ လှည့်လည် စစ်ဆေးနေ
မေ 3, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့ နံနက် (၁၁)နာရီကျော် အချိန်ခန့်မှစ၍ မြို့တော်ခန်းမရှေ့မှ မြို့နာမ်စေတီရှေ့ထိ  လမ်းသွားလမ်းလာများ၏ ဖုန်းများကိုစစ်ဆေးမှုများလုပ်ပြီးနောက် လက်ရှိတွင် မြို့တွင်းရပ်ကွက်များကို လှည့်ပတ်နေကြောင်း သိရသည်။

စစ်ချင်တဲ့သူကို တားစစ်တယ်။ ကျွန်တော့်ဖုန်းကိုတော့ ယူစစ်တယ် ။ ဘယ်မှာနေတာလဲ ဘယ်သွားမှာလဲ မေးတယ်။ ဘာပဲဖြစ်ဖြစ်လေ ကိုယ့်မြို့ပဲ လွတ်လပ်စွာ သွားလာမှာပေါ့ ။ လူတွေက အကုန်လန့်ကုန်ကြတာ။ သူတို့ကိုမုန်းကြတာ။ တစ်ချို့ မိန်းကလေးတွေဆို ငိုပါငိုတယ်

ဟု ကိုယ်တိုင် စစ်ဆေးခံခဲ့ရသူ လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

နံနက်ပိုင်းတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က လွိုင်ကော်မြို့ မြို့တော်ခန်းမရှေ့မှ မြို့နာမ်စေတီ ဘုရားရှေ့ထိ အာဏာသိမ်းအဖွဲ့၏ တပ်ဖွဲ့များက အင်အားအများအပြားဖြင့် နေရာယူထားပြီး အဆိုပါ လမ်းမကြီးပေါ်တွင် ဖြတ်သွားကြသည့် ကား၊ ဆိုင်ကယ်များအား တားဆီးကာ ဖုန်းများ၊ ဆိုင်ကယ်တူးဘောက်၊ အိတ်များ ကိုပါရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် မြို့ပေါ်ရပ်ကွက်များရှိ လူထုလုံခြုံရေးအတားအဆီးများကိုလည်း လိုက်လံဖယ်ရှားမှုများလုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။