တာချီလိတ်ရှိ နေရပ်ပြန်များ (၁၄)ရက်စောင့်ကြည့်စခန်းကို ကြီးကြပ်၊ ကူညီပေးသူ (၃၀) ဝန်းကျင်ဖြင့် နေ့စဉ်လုပ်ငန်းဆောင်ရွက်ပေးနေ

တာချီလိတ်ရှိ နေရပ်ပြန်များ (၁၄)ရက်စောင့်ကြည့်စခန်းကို ကြီးကြပ်၊ ကူညီပေးသူ (၃၀) ဝန်းကျင်ဖြင့် နေ့စဉ်လုပ်ငန်းဆောင်ရွက်ပေးနေ
ဧပြီ 8, 2020
By Tachileik News Agency
တာချီလိတ်ရှိ နေရပ်ပြန်များ (၁၄)ရက်စောင့်ကြည့်စခန်းကို ကြီးကြပ်၊ ကူညီပေးသူ (၃၀) ဝန်းကျင်ဖြင့် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ပေးနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် နေရပ်ပြန် (၁၉၉) ဦးကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေသည့်နေရာသို့  နေ့စဉ်အဝင်အထွက် လုပ်နေရသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အလှူရှင်စုစုပေါင်း တစ်နေ့လျှင် ပျမ်းမျှ (၃၀)ဝန်းကျင်ရှိနေကြောင်း သိရသည်။

အဲဒီမှာ နေ့စဉ် ဌာနဆိုင်ရာနဲ့ Volunteer တာဝန်ချထားတာက (၁၀)ဦးလောက်ရှိတယ်။ ရဲတပ်ဖွဲ့တို့၊ ကြက်ခြေနီတို့၊ မီးသတ်တို့၊ ဌာနဆိုင်ရာ အပါအဝင် Volunteer ရယ်ပေါင်းလိုက်ရင် အနည်းဆုံး (၁၀)ဦးအထက်ရှိပါတယ်။ အဲဒီမှာ လာလှူတဲ့သူတွေကတော့ တစ်နေ့ကို နှစ်ဖွဲ့၊ သုံးဖွဲ့ကတော့ ရေလာပို့တဲ့သူ၊ ထမင်းထုပ်လာပို့တဲ့ သူတွေနဲ့ဆိုတော့ (၂၀)နဲ့ (၃၀)ကြား အဝင်အထွက်ရှိပါတယ်

ဟု မြို့နယ်အဆင့် Corona Virus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ)ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာရိပ်သာတွင် ဖွင့်လှစ်ထားသည့် Facilities Quarantine Center တွင် COVID 19 ကူးစက်မှုများနေသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၁၉၉)ဦးကို (၁၄)ရက် အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရာသို့ ကြီးကြပ်ရန်နှင့် ကူညီဆောင်ရွက်ပေးရန် နေ့စဉ် ဝင်ထွက်သွားလာနေသူများ ရှိနေခြင်းဖြစ်သည်။

COVID 19 ဗိုင်းရပ်စ် ကူးစက်ခံထားရပါက (၁၄)ရက်အတွင်း ရောဂါလက္ခဏာပြသဖြင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း လုပ်ဆောင်နေရခြင်းဖြစ်ရာ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူ ရှိနိုင်သဖြင့် တိုက်ရိုက်ထိတွေ့ခြင်း၊ ၎င်းတို့ထိတွေ့ထားသည့် အရာဝတ္ထုများကို ထိတွေ့မိခြင်းအပြင် လေမှလည်းကူးစက်နိုင်သဖြင့် အသွားအလာကန့်သတ်ထားသူများရှိရာနေရာသို့ ဝင်ထွက်သွားလာသူများ မဖြစ်မနေ လိုက်နာရမည့် အချက်များကို ကျန်းမာရေးက လမ်းညွှန်ထားပြီးဖြစ်သည်။

 ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုတော့ Guide line (ကျန်းမာရေးဌာနမှ လမ်းညွှန်ချက်)  ဖြန့်ဝေပေးထားတယ်။ စေတနာ့ဝန်ထမ်းတွေကိုတော့ ဧပြီလ (၅)ရက်နေ့က တွေ့ပြီးတော့ ကျန်းမာရေးက မြို့နယ်ကျန်းမာရေးမှူး ဦးအောင်ဝင်းကြည်က Volunteer Guideline တွေကို အကုန်လုံး ရှင်းပြထားပါတယ်။ ဒါပေမဲ့လည်း တစ်ခါတစ်လေကျတော့ အောက်ခြေမှာ တကယ်လုပ်ရတဲ့အခါမှာ Guideline တွေနဲ့ မညီတာတွေတော့ ရှိပါတယ်။ ဝင်လာတဲ့နေ့ကဆိုရင် လူ (၂၀၀)လောက် ဝင်လာတော့ ကားတွေက အစီး (၃၀)လောက်ဖြစ်တော့ ရိပ်သာလမ်းက ကြပ်သွားတယ်။ ပစ္စည်းတွေကအစ Guideline မှာ ဝိုင်းသယ်လို့မရဘူး။ ဒါပေမဲ့ အောက်ခြေမှာတော့ ဝိုင်းသယ်ပေးတာတွေ ဘာတွေဖြစ်ကုန်တာပေါ့။ ကလေးအမေတွေပါတော့ ကူပေးတာတွေ ဘာတွေကနေ Guide line မညီတာမျိုးလေးတွေတော့ ဖြစ်သွားတယ်

ဟု မြို့နယ်အဆင့် Corona Virus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

အသွားအလာကန့်သတ် ဧရိယာအတွင်း လာရောက်လှူဒါန်းသူများအပါအဝင် ကူညီလုပ်ဆောင်ပေးနေသူအားလုံး ရောဂါမကူးစက်စေရေးအတွက် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

လာလှူတဲ့သူတွေကိုတော့ Quarantine zone ထဲက လူတွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့် မပေးဘူး။ မပေးဘဲနဲ့ ကွပ်ကဲရေးရုံးက လူတွေကပဲ လက်ခံ။ ပြီးရင် ထမင်းထုပ်တွေဝေတာကိုလည်း သူ့အခန်းအလိုက် ခေါင်းဆောင်ဖွဲ့ပေးထားပြီး ထမင်းထုပ်တွေကို စားပွဲခုံတွေပေါ် တင်ပေးထားတယ်။ တင်ပေးထားပြီးတော့မှ စပီကာနဲ့ အော်ပေးလိုက်ရင် သက်ဆိုင်ရာခေါင်းဆောင်တွေကနေ လာယူပေးကြတယ်။ Mask လက်အိတ် Hand Gel တွေကို ကွပ်ကဲရေးရုံးမှာ ပြတ်လပ်မှုမရှိအောင် ပေးထားပါတယ်။ Volunteer အဖွဲ့တွေက ရောက်တာနဲ့ လည်ဆွဲကဒ်ဆွဲရမယ် Mask တွေ လက်အိတ်တွေဝတ်ပြီးမှ လုပ်ငန်းလုပ်ဖို့ဆိုပြီးတော့မှ ဆောင်ရွက်ပေးထားပါတယ်

ဟု မြို့နယ်အဆင့် Corona Virus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

မယ်ဆိုင်မြို့မှတစ်ဆင့် ဧပြီလ (၆)ရက်နေ့တွင် ကားအစီးရေ (၃၀)ဖြင့် ဝင်လာသည့် နေရပ်ပြန် (၁၉၉)ဦးအနက်မှ အမျိုးသမီး (၂)ဦးမှာ ဧပြီလ (၈)ရက်နေ့တွင် COVID 19 သံသယစောင့်ကြည့်လူနာအဖြစ် ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -ချယ်ရီထိုက်
ဓါတ်ပုံ - စိုင်းအောင်ဝင်းမိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~