တောင်ကြီးမြို့မှ အတည်ပြုလူနာနှင့် အနီးကပ်သည့် (၃)ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားပြီး ထိတွေ့ခဲ့သူ (၂၃)ဦးကို Quarantine သတ်မှတ်ထား

တောင်ကြီးမြို့မှ အတည်ပြုလူနာနှင့် အနီးကပ်သည့် (၃)ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားပြီး ထိတွေ့ခဲ့သူ (၂၃)ဦးကို Quarantine သတ်မှတ်ထား
ဧပြီ 12, 2020
By Tachileik News Agency
တောင်ကြီးမြို့မှ အတည်ပြုလူနာနှင့် အနီးကပ်သည့် (၃)ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားပြီး ထိတွေ့ခဲ့သူ (၂၃)ဦးကို Quarantine သတ်မှတ်ထား

ရှမ်းပြည်နယ်အတွင်း ဒုတိယမြောက် COVID 19 အတည်ပြုလူနာဖြစ်သည့် အသက် (၂၆)နှစ်အရွယ်အမျိုးသားကို ရန်ကုန်မြို့ရှိ Quarantine ထားရှိသည့်နေရာက ဓါတ်ခွဲအဖြေမထွက်မီ နေရပ်ပြန်ခွင့်ပြုခဲ့သဖြင့် အနီးကပ် ထိတွေ့သူ (၃)ဦးကို စောင့်ကြည့်လူနာသတ်မှတ်ပြီး ထိတွေ့ခဲ့သူ (၂၃)ဦးကို Quarantine Center သို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ကျွန်တော်တို့ မနေ့က ကနဦးသတင်းရတဲ့အထဲမှာ လွဲသွားတာရှိတယ်။ သူ့ကို Quarantine မပြီးခင်ပြန်လာတယ်လို့ သတင်းရခဲ့တယ်။ နောက်မှ သိရတာက သူ့ကို Quarantine Center က ဓါတ်ခွဲအဖြေမထွက်ခင် ပြန်လွှတ်လိုက်တာလို့ သိရတယ်။ အမှန်တော့ ဖြစ်သင့်တာက ဓါတ်ခွဲစစ်ထားတယ်ဆိုရင် အဖြေထွက်လာမှ ပြန်လွှတ်တာလုပ်သင့်တာပေါ့နော်

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ (၁၂)ရက်နေ့တွင် ပြောသည်။

အဆိုပါ အမျိုးသားသည် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ရောက်ရှိပြီးနောက် ရန်ကုန်မြို့၊ သဲအင်းဂူတရားစခန်းတွင် Quarantine (၁၄) ရက် နေထိုင်ခဲ့ပြီး ဧပြီလ (၁၀)ရက်နေ့တွင် ဓါတ်ခွဲနမူနာ ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဧပြီလ (၁၁) ရက်နေ့တွင် Quarantine ဝင်ထားပြီးကြောင်း အထောက်အထားရထားပြီးဖြစ်၍ Quarantine ထွက်သည့် အခြားတစ်ဦး၏ကားနှင့်အတူ လိုက်ပြန်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရန်ကုန်မှ တောင်ကြီးသို့ ပြန်လာသည့်လမ်းတစ်လျှောက်တွင် သာစည်မြို့နယ် ဘုရားငါးဆူဓါတ်ဆီဆိုင်မှလွဲ၍ အခြားနေရာများသို့ ရပ်နားခဲ့ခြင်းမရှိဘဲ ကလောရောက်ရှိချိန်တွင် အတည်ပြုလူနာ အမျိုးသား၏ မိခင်နှင့် အစ်မဖြစ်သူတို့ လာကြိုသည့်ကားဖြင့် တောင်ကြီးသို့သွားစဉ် ဓါတ်ခွဲအဖြေရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

COVID 19 အတည်ပြုလူနာတစ်ဦးကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ တင်ပို့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ (၁၁)ရက်နေ့ ည (၈)နာရီသတင်းထုတ်ပြန်ချိန်တွင် တောင်ကြီးမြို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါလူနာနှင့် ဆက်စပ်ထိတွေ့မှုဖြစ်စဉ်များကို စုံစမ်းဖေါ်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာသည် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ တိုက်ရိုက်သွားခဲ့သော်လည်း ကလောမှ တောင်ကြီးသို့ ကားအတူစီးလာသည့် မိခင်နှင့် အစ်မဖြစ်သူတို့က ညောင်ရွှေဟော်ကုန်းနေအိမ်သို့ ပြန်သွားသဖြင့် အဆိုပါ (၂)ဦးအား စောင့်ကြည့်လူနာများအဖြစ် စဝ်စံထွန်းဆေးရုံသို့ ညတွင်းချင်းပို့ဆောင်ခဲ့ကာ နေအိမ်တည်ရှိရာ လမ်းကိုလည်း အဝင်အထွက် ကန့်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ရန်ကုန်မှ ကလောသို့ ကားအတူစီးလာသည့် အမျိုးသားကို တာဝန်ရှိသူများက ဆက်သွယ်ပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ညောင်ရွှေမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စုရှိ တောင်လေးလုံး COVID 19 စစ်ဆေးရေးဂိတ်မှ တာဝန်ကျအဖွဲ့ဝင် (၂၃)ဦးကိုလည်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၁)တည်းခိုရေးစခန်း Quarantine Center တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားကြောင်း သိရသည်။

အတည်ပြုလူနာ၏ မိခင်နှင့်အစ်မဖြစ်သူ ပြန်သွားခဲ့သည့် နေအိမ်တည်ရှိရာ ညောင်ရွှေဟော်ကုန်းရပ်ကွက် ဥသြလမ်း၊ အဆိုပါ လမ်းနှင့်ဆက်စပ်နေသည့် မဟာဗန္ဓုလလမ်း၊ ခြင်္သေ့လမ်း၊ ရှမ်းလမ်း၊ မေတ္တာလမ်းတို့အား အမိန့်မရုတ်သိမ်းမခြင်း အဝင်အထွက်၊ အသွားအလာ ထိန်းချုပ်တားမြစ်ပိတ်ပင်သည့် ကန့်သတ်နယ်မြေသတ်မှတ်ထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~