ထိုင်းနိုင်ငံတွင် နေ့အလိုက် COVID-19 ကူးစက်မှုများ မြင့်တက်နေပြီး လူထူထပ်သည့် နေရာများတွင် mask တပ်ရန် အကြံပြုထား

Photo: Andre Malerba/Bloomberg
Photo: Andre Malerba/Bloomberg
ထိုင်းနိုင်ငံတွင် နေ့အလိုက် COVID-19 ကူးစက်မှုများ မြင့်တက်နေပြီး လူထူထပ်သည့် နေရာများတွင် mask တပ်ရန် အကြံပြုထား
By Mr John

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် နေ့အလိုက် COVID-19 ကူးစက်မှုများ (၁၀) မှ (၂၀) ရာခိုင်နှုန်း မြင့်တက်နေရာ လူထူထပ်သည့် နေရာများ၌ mask တပ်ကြရန်  ကျန်းမာရေးဝန်ကြီးဌာနက အကြုံပြုထားသည်။ 

ထိုင်းနိုင်ငံတွင် ယခင်က ကူးစက်မှုနှုန်း လျော့ကျနေခဲ့ရာမှ နေ့အလိုက် ကူးစက်မှုများ (၁၀) မှ (၂၀) ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဒေါက်တာ Opas Karnkawinpong က နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ပြောသည်။

ဒေသခံများကို COVID-19 ထပ်တိုးအားဖြည့် ကာကွယ်ဆေးထိုးကြရန် တိုက်တွန်းဆောင်ရွက်ရေး ၎င်းက ဆေးရုံများကို ညွှန်ကြားခဲ့သည်။ 

"ဝန်ကြီးဌာန အနေနဲ့ စုစုပေါင်း လူဦးရေရဲ့ (၇၀) ရာခိုင်နှုန်းကို ထပ်တိုးကာကွယ်ဆေးထိုးကြစေလိုပါတယ်။ ဒါပေမဲ့ ဒီရည်မှန်းချက်ကို ပြည့်မီဖို့က ခက်ခဲနေဆဲ ဖြစ်ပါတယ်။ COVID-19 အခြေအနေ လတ်တလော တိုးတက်လာတာနဲ့အမျှ ကာကွယ်ဆေးထိုးသူဦးရေ ကျဆင်းနေတယ်" ဟု ဒေါက်တာ Opas က ပြောသည်။

COVID-19 ကူးစက်မှုများ မြင့်တက်မှုမှာ သေးငယ်သည့် ကူးစက်မှုလှိုင်းငယ်တစ်ခု ဖြစ်နိုင်သော်လည်း သေဆုံးမှုများ တိုးလာနိုင်သည်ဟု ဆိုသည်။ 

"အခုအချိန်မှာ COVID-19 နဲ့ ဆက်နွယ်တဲ့ နေ့အလိုက် သေဆုံးမှုက (၁၀) ဦးလောက်ရှိပါတယ်။ ဒီသေဆုံးမှုက နေ့အလိုက် ကူးစက်မှု အရေအတွက် မြင့်တက်လာတာနဲ့အတူ အနည်းငယ် တိုးလာနိုင်ပါတယ်" ဟု ဒေါက်တာ Opas ကဆိုသည်။

လက်ရှိတွင် COVID-19 ကူးစက်ခံရသူများမှာ ပြင်ပလူနာများဖြစ်ပြီး ၎င်းတို့၏ ရောဂါလက္ခဏာများမှာလည်း မပြင်းထန်မှုကြောင့် ဆေးရုံများက အခြေအနေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဆောင်ရွက်နိုင်ကြောင်း ၎င်းက ပြောသည်။ 

"ကူးစက်မှုအခြေအနေက နှစ်သစ်ကူးပြီးရင် ပြန်တိုးတက်လာသင့်တယ်" ဟု ဒေါက်တာ Opas က ဆိုသည်။

ထိုင်းနိုင်ငံတွင် အိုမီခရွန်၏ ထပ်ဆင့်မျိုးကွဲ BA.2.75 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ 

ထိုဗိုင်းရပ်စ်က ရောဂါပြင်းထန်စေသည့် အထောက်အထား မတွေ့ရဟု ဆိုသည်။ 

သို့သော် အများပြည်သူအနေဖြင့် မိမိကိုယ်တိုင်နှင့် အခြားသူများကို ရောဂါကာကွယ်ရေး အကူအညီဖြစ်စေရန် လူထူထပ်သည့် နေရာများတွင် mask တပ်သင့်ကြောင်း အကြံပြု တိုက်တွန်းထားသည်။

Soource: Bangkok Post