ရှမ်းပြည်(တောင်ပိုင်း) ခိုလမ်မြို့မှ အတည်ပြုလူနာ(၂)ဦးနှင့် ထိတွေ့အားလုံးကို Quarantine ထားပြီးဖြစ်သော်လည်း ကုန်တင်ယာဉ်မောင်းတစ်ဦးကို ရှာမတွေ့သေး

ရှမ်းပြည်(တောင်ပိုင်း) ခိုလမ်မြို့မှ အတည်ပြုလူနာ(၂)ဦးနှင့် ထိတွေ့အားလုံးကို Quarantine ထားပြီးဖြစ်သော်လည်း ကုန်တင်ယာဉ်မောင်းတစ်ဦးကို ရှာမတွေ့သေး
အောက်တိုဘာ 6, 2020
By Tachileik News Agency
ရှမ်းပြည်(တောင်ပိုင်း) ခိုလမ်မြို့မှ အတည်ပြုလူနာ(၂)ဦးနှင့် ထိတွေ့အားလုံးကို  Quarantine ထားပြီးဖြစ်သော်လည်း ကုန်တင်ယာဉ်မောင်းတစ်ဦးကို ရှာမတွေ့သေး
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ခိုလမ်မြို့မှ COVID 19 ပိုးတွေ့လူနာ (၂)ဦးနှင့် ထိတွေ့သူများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့၌ အသွားအလာကန့်သတ်ထားပြီဖြစ်သော်လည်း Positive လူနာတစ်ဦး စီးနင်းလာသည့် ကုန်တင်ယာဉ်ကို မမှတ်မိ၍ ထိတွေ့ကုန်တင်ယာဉ်မောင်းကျန်နေကြောင်း သိရသည်။
"ခိုလမ်က Positive နှစ်ယောက်မှာ တစ်ယောက်က ကုန်တင်ကားနဲ့ လမ်းကြုံစီးလိုက်လာတာ အဲဒီကားလည်း သူ မမှတ်မိတော့ဘူးဆိုတော့ ကားကိုတော့ ကျွန်တော်တို့ ရှာလို့မရဘူး။ သူလွိုင်လင်ကိုရောက်ပြီးတော့ လမ်းလျှောက်တယ်လို့တော့ ပြောတယ်။ နောက်ဆိုင်ကယ် ကယ်ရီငှားစီးပြီး သူနေတဲ့ နတ်မောင်းကျေးရွာကို သွားတယ်ပေါ့နော်။ နမ့်မောင်းရွာမှာ အုပ်ချုပ်ရေးမှူးတို့ တာဝန်ရှိသူတွေနဲ့ စကားပြောတော့ သူတို့လည်း contact ဖြစ်သွားတယ်။ နတ်မောင်းရွာက ထိတွေ့သူအားလုံးကိုတော့ အခု quarantine လုပ်ထားပြီ။ မနက်ဖြန် swab ယူမယ်။ Positive နှစ်ယောက်ကတော့ ခိုလမ်ဆေးရုံမှာ quarantine ထား ထားတာကနေ အခု စဝ်စံထွန်းဆေးရုံကို ရွှေ့ထားပြီ။"ဟု ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ခိုလမ်မြို့ရှိ ပြည်သူ့ဆေးရုံသီးသန့်ဆောင်၌ အသွားအလာကန့်သတ်ထားသူ (၂) ဦးမှာ လှည်းကူးနှင့် သာယာဝတီအကျဉ်းထောင်တို့မှ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် လွတ်မြောက်လာသူများဖြစ်ကြပြီး တစ်ဦးက လိုင်းကားဖြင့်ပြန်လာကာ ကျန်တစ်ဦးက ကုန်တင်ယာဉ်ဖြင့် ကားကြုံလိုက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တစ်ယောက်ကတော့ လိုင်းကားနဲ့ချိတ်ပြီးလာတော့ လိုင်းကားပေါ်မှာ ကားဆရာ (၃)ယောက်ရယ်၊ တစ်ခြားခရီးသည် (၂)ယောက်ရယ်ပါတယ်။ ကားသမား (၃)ယောက်ကတော့ အခုဆက်ကြည့်တော့ ရန်ကုန်ပြန်ရောက်နေပြီဆိုတော့ ရန်ကုန်နဲ့ ချိတ်ဆက်ထားပါပြီ။ သူနဲ့အတူတူပါတဲ့ တစ်ခြား (၂)ယောက်ကတော့ တစ်ယောက်က ပျော်ဘွယ်မှာဆင်းတယ်။ နောက်တစ်ယောက်က တောင်ကြီးမှာဆင်းပြီး ဆီဆိုင်ကိုပြန်သွားတယ်။ အဲဒီတစ်ယောက်ကလည်း ရောက်တည်းက quarantine ဝင်နေတယ်။ မနက်ဖြန် swab စစ်တဲ့အထဲတော့ ပါမှာပေါ့။"ဟု ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ပြောသည်။
အတည်ပြုလူနာ (၂)ဦးလုံးမှာ နမ့်မောင်းကျေးရွာမှဖြစ်ပြီး လက်ရှိတွင် အနီးကပ်ထိတွေ့သူများအား အသွားအလာကန့်သတ်ကာ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးရန် ဆောင်ရွက်နေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~