ရှမ်းပြည်နယ်အတွင်း ရိက္ခာပေးဝေရာတွင် စာရင်းကျန်နေသည့် အခြေခံလူတန်းစားများကို ထပ်မံပေးဝေမည်

ရှမ်းပြည်နယ်အတွင်း ရိက္ခာပေးဝေရာတွင် စာရင်းကျန်နေသည့် အခြေခံလူတန်းစားများကို ထပ်မံပေးဝေမည်
ဧပြီ 11, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ရိက္ခာပေးဝေရာတွင် စာရင်းကျန်နေသည့် အခြေခံလူတန်းစားများကို ထပ်မံပေးဝေမည်

ရှမ်းပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၁၁၃,၃၇၃) ကို စားနပ်ရိက္ခာ စတင်ဖြန့်ဝေပေးနေပြီး ကျန်ရှိသူများစာရင်း စိစစ်ကာ ထပ်မံပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ အခုဝေနေတာက ဆက်ပြီးဝေသွားမယ်။ ကျန်နေတဲ့သူတွေ မရှိအောင်လည်း စာရင်းထပ်ကောက်နေတယ်။ ဘယ်သူတွေ ကျန်နေလဲ။ မရှိဆင်းရဲသားတွေကို မနစ်နာစေချင်လို့လေ။ ကျူးကျော်တွေရှိရင်လည်း ကျူးကျော်တွေစာရင်းကို ထပ်ကောက်သွားပေးမယ်

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်အတွင်း မြို့နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသအသီးသီးမှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုပေါင်း (၁၁၃၃၇၃) ကို ကနဦးစာရင်းရရှိထားခြင်းဖြစ်ပြီး အချို့ဒေသများတွင် ရွှေ့ပြောင်းနေထိုင်သူများအား စာရင်းကောက်ယူခြင်းမရှိခဲ့၍ ထပ်တိုးစာရင်းကောက်ခံပြီး ဖြည့်စွက်ထောက်ပံ့ပေးရန် ပြည်နယ်ဝန်ကြီးချုပ်က ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာရင်းကျန်နေတယ်ဆိုရင် ရပ်ကွက်အလိုက် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးတွေကို စာရင်းပေးလို့ရသလို လှူဒါန်းတဲ့အဖွဲ့ဆီကိုလည်း တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်

ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) သား၊ ဆား (၅၀)သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာစီကို ဧပြီလ (၁၀) ရက်နေ့မှစ၍ အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရိက္ခာဖြန့်ဝေပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~