မိုးဗြဲတွင် အာဏာသိမ်းတပ်က လက်နက်ကြီးများ ပစ်ခတ်နေပြီး နေအိမ်များတွင် နေထိုင်နေဆဲဖြစ်၍ နေအိမ်ပြန်၍ ပစ္စည်းယူသူများ၊ တောင်ယာသွားသူများ ပစ်ခတ်ခံရမှုများရှိနေ

ဓာတ်ပုံ - {မိုးဗြဲမြို့ လွယ်ယင်းမဂ်လာရပ်ကွက်တွင် နေအိမ်သို့ ပစ္စည်းပြန်ယူသူတစ်ဦး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး}

By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်နှင့်နယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကို ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများရှိနေပြီး နေအိမ်သို့ ပစ္စည်းပြန်ယူသူများ ပစ်ခတ်ခံရကာ သေဆုံးမှုများရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင်နေရာမှ နေအိမ်ပြန်၍ ပစ္စည်းလာယူသည့် ဒေသခံ (၄) ဦး မိုးဗြဲမြို့ လွယ်ယင်းမဂ်လာနှင့် ဟိုက်ဟွီတို့တွင် ပစ်သတ်ခံထားရသည်ကို ယနေ့နံနက်(၈)နာရီဝန်းကျင်က တွေ့ရှိထားရသည့်အပြင် မိုးဗြဲမြို့အထွက် တောင်ယာခြံသွား၍ အလုပ်လုပ်သူအချို့လည်း သတ်ဖြတ်ခံရမှုများရှိနေသဖြင့် အရပ်သားပြည်သူများ မိုးဗြဲမြို့နှင့် အနီးဝန်းကျင်တွင် သွားလာလှုပ်ရှားမှုများကို မပြုလုပ်ကြသေးရန် KNDF က သတိပေးထားသည်ကို တွေ့ရသည်။

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီတပ်များက မိုးဗြဲမြို့ပေါ် ရပ်ကွက်များ၌ ပုန်းခိုနေဆဲဖြစ်သောကြောင့် ဒေသခံပြည်သူများအ‌နေဖြင့် နေအိမ်ပြန်ခြင်း၊ အနီးဝန်းကျင် တောင်ယာလုပ်ငန်းခွင်များသို့ သွားလာခြင်းများအား မပြုလုပ်ကြသေးရန် သတိပေးထားသည်ကို တွေ့ရသည်။

ရှမ်း- ကရင်နီ(ကယား)နယ်စပ် မိုးဗြဲတွင် အာဏာသိမ်းတပ်က ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့ကတည်းက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်သည်။