ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း တာချီလိတ်ရှိ နေအိမ်အခန်းငှားခများ လျှော့ပေါ့ပေးနိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံ ညှိနှိုင်းဆောင်ရွက်သွားမည်

ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း တာချီလိတ်ရှိ နေအိမ်အခန်းငှားခများ လျှော့ပေါ့ပေးနိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံ ညှိနှိုင်းဆောင်ရွက်သွားမည်
ဧပြီ 2, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း တာချီလိတ်ရှိ နေအိမ်အခန်းငှားခများ လျှော့ပေါ့ပေးနိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံ ညှိနှိုင်းဆောင်ရွက်သွားမည်

ရွှေ့ပြောင်းနေထိုင်သူများပြားသည့် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ကာလအတွင်း အလုပ်အကိုင် အခက်အခဲများဖြစ်နေ၍ နေအိမ်ခန်း၊ ဆိုင်ခန်းငှားများအား (၂)လတာ ကာလအတွင်း အိမ်ခန်းငှားခ၊ ရေဖိုး၊ မီးဖိုးသက်သာလျှော့ပေးကြရန် အိမ်ရှင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး အနေဖြင့် မေတ္တာရပ်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခုလိုကာလမှာ အိမ်ရှင်တွေအနေနဲ့ အိမ်ခန်းငှား၊ ဆိုင်ခန်းငှားတွေအပေါ် တတ်နိုင်သလောက် ငဲ့ညှာပေးဖို့ ကျွန်တော့်အနေနဲ့ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေဆီက တစ်ဆင့် မေတ္တာရပ်ခံတာကို မနက်ဖြန်မှာ လုပ်သွားမှာပါ။ နောက် မီးလင်းရေးကလည်း မီတာခလျှော့ပေါ့ပေးတာတွေ လုပ်ပေးနေပြီဆိုတော့ ရေဖိုး၊ မီးဖိုးလည်း တတ်နိုင်သလောက် လျှော့ပေးကြဖို့ပါ

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂)ရက်နေ့တွင် ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် အတွက် ဒေသအသီးသီးမှ လာရောက် အလုပ် လုပ်ကိုင်သူ များပြားသဖြင့် အိမ်ခန်းငှားရမ်းသည့် အဆောက်အဦပေါင်း (၇၀၀) ကျော်တွင် အိမ်ခန်းပေါင်းထောင်နှင့်ချီ၍ ရှိနေပြီး အခန်းတစ်ခန်းလျှင် အနည်းဆုံး ဘတ် (၁၅၀၀) မှ ဘတ်(၇,၀၀၀)အထိ၊ ဆိုင်ခန်းများအနေဖြင့် ဘတ်(၄,၀၀၀)မှ ဘတ်(၂၀,၀၀၀) အထက်အထိရှိကြောင်း သိရသည်။

တာချီလိတ်မှာက အဝေးကနေ အလုပ်လာလုပ်ကြတဲ့သူတွေ အများကြီးရှိနေတော့ ခုလို ကပ်ရောဂါဆိုးကြီးဖြစ်နေတဲ့ ကာလမှာ ကိုယ့်မြို့ကိုယ်ရွာ ပြန်နေဖို့လည်း မဖြစ်နိုင်။ အလုပ်တွေလည်း မလုပ်ရတော့ ဝင်ငွေကမရှိ၊ စားဖို့အတွက်က ဖြစ်သလို စားလို့ရပေမဲ့ နေဖို့အတွက်ကို ခုချိန်မှာ ပိုပြီး အခက်တွေ့နေကြတယ်။ မပေးနိုင်သေးရင် နှင်ချမလားဆိုတဲ့ အတွေး၊ ဘယ်ကနေ ချေးငှားပေးရမလဲဆိုတဲ့ အတွေး အစရှိတဲ့ အောက်ခြေလူတန်းစားတွေရဲ့အခက်အခဲကို သက်ဆိုင်ရာဌာနလူကြီးတွေ အနေနဲ့ အိမ်ငှားပိုင်ရှင်တွေ နားလည်အောင်ခေါ်ပြောပြပေးပြီး အမိန့်ပေးတဲ့သဘောမဟုတ်ပဲ ကူညီပေးစေချင်ပါတယ်

ဟု အိမ်ခန်းငှားတစ်ဦးက ပြောသည်။

တာချီလိတ်တွင် မြို့မီးလင်းရေးကော်မတီက လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် (၅) ဘတ်ခွဲနှုန်းဖြင့် သတ်မှတ်ထားရာမှ COVID 19 ကာလအခက်အခဲမဖြစ်စေရေးအတွက် တစ်ယူနစ်လျှင် (၁၅)ပြားစီ လျှော့ချပေးထားရာ ဆိုင်ခန်း၊ အိမ်ခန်းငှားပိုင်ရှင်များအနေဖြင့် ဆိုင်ခန်း၊ အိမ်ခန်းငှားများထံမှ မီတာခကို တစ်ယူနစ်လျှင် (၇)ဘတ်ခွဲမှ (၁၀)ဘတ်အထိ  ကောက်ခံနေကြခြင်းကိုလည်း လျှော့ချပေးစေလိုကြောင်း ပြော ဆိုမှုများရှိနေခြင်းဖြစ်သည်။

အခုလို အလုပ်တွေပိတ် စားသောက်ဆိုင်တွေ ပိတ်ပြီး နားနေရတော့ ဝင်ငွေက မရှိတော့ဘူး။ အတော် လေးအခက်တွေ့နေတာ။ နေစရာကိုယ်ပိုင်ကလည်းမရှိတော့ အခုလို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးကာလမှာ အိမ်ပိုင်ရှင်များအနေနဲ့ တတ်နိုင်သလောက်လေးတွေ ရေခ၊ မီတာခ၊ အိမ်ခန်းငှားခပေါ့နော် လျှော့ပေးစေချင်ပါတယ်။ ဘယ်သူ့ကိုပြောရမှန်းလည်း မသိဘူး။ ကိုရိုနာကာလပြီးသွားရင်တော့ ပုံမှန်အတိုင်း ပြန်ကောက်နိုင်ပါတယ်ဗျာ။ အခု တကယ်ကို အဆင်မပြေတော့လို့ပါ

ဟု ဝမ်ကောင်းရပ်ကွက်မှ အိမ်ခန်းငှားနေသူ ကိုကျော်ခိုင်က ပြောသည်။

တာချီလိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်နေစဉ်အတွင်း  မြို့မီးလင်းရေးကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)က အများပြည်သူ အခက်အခဲ မဖြစ်စေရန် ဧပြီလနှင့် မေလအတွက် မီတာခများကို ယခင်နှုန်းထားထက် ဘတ် (၁၅)ပြားစီ လျှော့ချလိုက်သည့်အပြင် မီတာခပေးဆောင်ခြင်းကို ရက်မသတ်မှတ်တော့ဘဲ အဆင်ပြေသည့်နေ့တွင် ပေးသွင်းနိုင်စေရန်နှင့် မီတာခပေးဆောင်ရန် နောက်ကျ၍ လျှပ်စစ်မီးဖြတ်တောက်ခြင်းကိုလည်း မလုပ်ဆောင်တော့ဘဲ ဖြေလျှော့ပေးထားကြောင်းလဲ သိရသည်။

တာချီလိတ်မြို့ပေါ်(၁၁)ရပ်ကွက်အတွင်း၌ နေအိမ်အခန်းငှားရမ်းနေသည့် အဆောက်အဦအရေအတွက်မှာ ပုန်းထွန် ရပ်ကွက်တွင် (၇၀)ကျော်၊ တာလော့ ရပ်ကွက်တွင် (၅)နေရာ၊ ဝမ်ကောင်း ရပ်ကွက်တွင် (၁၀၀)ကျော်၊ မကာဟိုခမ်း ရပ်ကွက်တွင် (၈၀)ဝန်းကျင်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် (၁၆၂)နေရာ၊ ဆန်ဆိုင်း(က) ရပ်ကွက် (၃၀)နီးပါး၊ မယ်ခေါင်ရပ်ကွက်တွင် (၈၀)ဝန်းကျင်၊ ရန်အောင်မြေရပ်ကွက်တွင် (၁၃၀) ဝန်းကျင်၊ ဝိန်းကျောက်ရပ်ကွက်တွင် (၆၀) ဝန်းကျင်၊ ပါဆတ်ရပ်ကွက်တွင် (၁၅)ဝန်းကျင်၊ ဆေခမ်းရပ်ကွက်တွင် (၁၀)ဝန်းကျင် စုစုပေါင်း နေအိမ်အခန်းငှားအဆောက်အဦ (၇၀၀)နီးပါးမှ အခန်းပေါင်း ထောင်နှင့်ချီ၍ရှိကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများထံမှ သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~