ရှမ်းပြည်နယ်တွင်း COVID 19 ကုသရေးဆေးရုံများတွင် လူနာနှင့် ဝန်ထမ်းများအတွက် အာဟာရပံ့ပိုးမည်

ရှမ်းပြည်နယ်တွင်း COVID 19 ကုသရေးဆေးရုံများတွင် လူနာနှင့် ဝန်ထမ်းများအတွက် အာဟာရပံ့ပိုးမည်
ဧပြီ 27, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း COVID 19 ကုသရေးဆေးရုံများတွင် လူနာနှင့် ဝန်ထမ်းများအတွက် အာဟာရပံ့ပိုးမည်

ရှမ်းပြည်နယ်တွင်း COVID 19 လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများကို ပံ့ပိုးရန် ဆေးရုံများတွင် အာဟာရကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဘတ်ဂျက်လိုအပ်ပါက ပြည်နယ်အစိုးရက ကူညီမည်ဖြစ်ကြောင်း သိရသည်။

“ ဒီရောဂါနဲ့ပတ်သက်လို့ ကုထုံးတွေကလည်း တကယ်တမ်းတော့ တိတိပပ  မဟုတ်ဘူးလေ။ မရှိတဲ့အခါကျတော့ အဓိကက ကိုယ်ခံအားကောင်းဖို့လိုတယ် ။ အဓိကကတော့ အာဟာရ ပြည့်ဝဖို့ လိုတယ်ပေါ့နော်။ လိုတဲ့အခါကျတော့ Designated Hospital (သတ်မှတ်ဆေးရုံ) (၈)ခုမှာ COVID 19 နဲ့ ပတ်သက်တဲ့ လူနာတွေဖြစ်ဖြစ်၊ ဝန်ထမ်းတွေဖြစ်ဖြစ် အာဟာရပြည့်ဝဖို့ လိုတယ်။ အဲဒီလို အာဟာရပြည့်ဝအောင် ကျွန်တော်တို့ ဆေးရုံတွေက အာဟာရကော်မတီတွေဖွဲ့ပြီး နေ့စဉ် မနက်စာ၊ နေ့လယ်စာ၊ ညစာ စီမံလိုက်။ အဲဒီလို စီမံလို့ရှိရင်  ကုန်ကျစရိတ်တွေ ရှိလာမယ်။  ကုန်ကျစရိတ်ကလည်း ကိုယ့်ဘာသာ မတတ်နိုင်ရင် ရှမ်းပြည်နယ်အစိုးရကို တင်ရင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း ပံ့ပိုးပေးမယ်ပေါ့။ ဝန်ထမ်းတွေကို (၈)နာရီခြား ဂျူတီပေးမယ်ဆိုရင်တောင် ဝန်ထမ်းတွေမှာ သီးသန့်ချက်ပါ၊ စားပါဆိုရင် သူတို့အတွက် ခက်တယ်လေ။ အဲဒါကို ဆေးရုံရဲ့ အာဟာရကော်မတီအနေနဲ့ လုပ်ပေးသင့်တယ်လို့ သုံးသပ်ပြီး ဒီနေ့ အဲဒီဟာကို ဆုံးဖြတ်တာပါ”

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

COVID 19 ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့က ကျင်းပပြီး ပြည်နယ်တွင်း COVID 19 ကုသရေးဆေးရုံ (၈)ခုတွင် ပြင်ဆင်ဆောင်ရွက်မည့် လုပ်ငန်းစဉ် (၇)ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း COVID 19 ကုသရေးဆေးရုံများအဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စဝ်စံထွန်းဆေးရုံ၊ အမျိုးသမီးနှင့် ကလေးဆေးရုံ၊  လွိုင်လင်ဆေးရုံနှင့် ကလောဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုးဆေးရုံနှင့် မူဆယ်ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ကျိုင်းတုံနှင့် တာချီလိတ်ဆေးရုံများကို ပြင်ဆင်ထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~