အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က SNLD ၏ စာရင်းများကို တောင်ကြီးမြို့တွင် စစ်ဆေး

အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က SNLD ၏ စာရင်းများကို တောင်ကြီးမြို့တွင် စစ်ဆေး
ဇူလိုင် 5, 2022 | ရှမ်းတောင်

 အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ကို ပါတီရေးရာ စာရင်းအင်းကိစ္စရပ်များ စစ်ဆေးမှုအဖြစ် (၄)ရက်တိုင်တိုင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ရှိ ရှမ်းပြည်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၂ခုနှစ် ဇွန်လ(၃၀)ရက်ကနေ ဇူလိုင်လ(၃)ရက်နေ့အထိ စစ်ဆေးခဲ့သည်ဟု ဇူလိုင်လ(၅)ရက်နေ့တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားရှိသည်။

ပါတီ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေ နှင့် ပါတီပိုင်ပစ္စည်း စုဆောင်း ထိန်းသိမ်း သုံးစွဲခြင်းများကို စာရင်းစစ်ခြင်းဖြစ်ပြီး ပါတီဆိုင်ရာ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားခြင်းရှိ မရှိ စစ်ဆေးခြင်းအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး နှင့် ဦးမင်းမင်းတို့က ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့ဖြင့် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ကို အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးမှုနှင့်ပတ်သက်ပြီး SNLD ဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၁ခုနှစ် ဩဂုတ်လကစပြီး ဇူလိုင်လ(၃)ရက်နေ့အထိ နိုင်ငံရေးပါတီပေါင်း (၈၅)ပါတီကို စစ်ဆေးခဲ့ပြီး ဆက်လက်စစ်ဆေးခံရန် ပါတီပေါင်း (၇)ပါတီသာ ကျန်ရှိသည်ဟု သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ(USDP) အရှုံးကြီးရှုံးခဲ့ပြီးနောက် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် လွှတ်တော်ကိုယ်စားလှယ်များကို  မဲလိမ်သည်ဟု သတ်မှတ်ကာ အနိုင်မပေးတော့ဘဲ ဖမ်းဆီးထားကာ နိုင်ငံ့အာဏာကို သိမ်းလိုက်ပြီးနောက် ၎င်း၏ စိတ်တိုင်းကျ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် နိုင်ငံရေးပါတီများကို ပါတီတခုချင်းစီ၏ အချက်အလက်များနှင့် စာရင်းများကို စစ်ဆေးနေခြင်း ဖြစ်သည်။

 

#TachileikNewsAgency