ကျပ်သန်းပေါင်း (၁၇)သန်းကျော်ဖြင့် ခင်းကျင်းထားသည့် မိုင်းဆတ်မြို့ရှိ ဝမ်ဟုန်းကျောက်ချောလမ်း အခြေအနေ တစ်နှစ်မပြည့်သေးမီ ပျက်စီးနေ၍ ပြည်သူများ သွားလာရ အဆင်မပြေဖြစ်နေ

ကျပ်သန်းပေါင်း (၁၇)သန်းကျော်ဖြင့် ခင်းကျင်းထားသည့် မိုင်းဆတ်မြို့ရှိ ဝမ်ဟုန်းကျောက်ချောလမ်း အခြေအနေ တစ်နှစ်မပြည့်သေးမီ ပျက်စီးနေ၍ ပြည်သူများ သွားလာရ အဆင်မပြေဖြစ်နေ
ဧပြီ 6, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင်း (၉၂၅)ပေအရှည်ရှိသည့် ဝမ်ဟုန်းကျောက်ချောလမ်းအား  ကျပ်သန်းပေါင်း (၁၇)သန်းကျော်ဖြင့် ခင်းကျင်းအပြီး (၁)နှစ်မပြည့်သေးမီတွင် ပျက်စီးမှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများ သွားလာရ အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"ခင်းတာက တစ်နှစ်မပြည့်သေးဘူး။ အောက်က ကျောက်တွေက အများကြီး ပေါ်လာတော့ မြေနီတွေ လာဖြူးတာ၊ လမ်းကြိတ်စက်တောင် မမောင်းဘူး၊ ခု မိုးတစ်ညရွာတော့ ဆိုင်ကယ်တောင် မောင်းမရတော့ဘူး။ ဆိုင်ကယ်ဘီး နဲ့ ရွှံ့ကာနဲ့ ရွှံ့တွေက တအားကပ်တယ်၊ ဆိုင်ကယ်တွေ၊ ကားတွေ သွားလာလို့ မရအောင်အထိ ပျက်စီးနေပါတယ်"ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၁ခုနှစ် ဧပြီလ(၆)ရက်နေ့တွင် ပြောသည်။ 

ဝမ်ဟုန်းလမ်းအား မိုင်းဆတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်ငွေ ( ၁၇.၆၁ )သန်းဖြင့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၆)ရက်နေ့က စတင် ခင်းကျင်းရာ ၂၀၂၀ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် လုပ်ငန်းပြီးစီးသော်လည်း ယခုအခါမှာ လုပ်ငန်းပြီးစီးမှု တစ်နှစ်မပြည့်သေးမီမှာ လမ်းများမှာ မိုးရွာသွန်းမှုကြောင့် ပြန်လည်ပျက်စီးနေလျက်ရှိကြောင်း သိရသည်။