COVID-19 ပိုးမတွေ့ရကြောင်း အဖြေထွက်သည့် တာချီလိတ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင် (၂၉)ဦးကို ဒုတိယအကြိမ် ထပ်မံ ဓါတ်ခွဲ စစ်ဆေးသွားမည်

COVID-19 ပိုးမတွေ့ရကြောင်း အဖြေထွက်သည့် တာချီလိတ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင် (၂၉)ဦးကို ဒုတိယအကြိမ် ထပ်မံ ဓါတ်ခွဲ စစ်ဆေးသွားမည်
ဧပြီ 20, 2020
By Tachileik News Agency
COVID-19 ပိုးမတွေ့ရကြောင်း အဖြေထွက်သည့် တာချီလိတ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင် (၂၉)ဦးကို ဒုတိယအကြိမ် ထပ်မံ ဓါတ်ခွဲ စစ်ဆေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ အသွားအလာ ကန့်သတ်ခံထားရသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် အတူနေမိသားစုဝင် စုစုပေါင်း (၃၀)ဦးအား ဧပြီလ(၂၀)ရက်နေ့တွင် ဓါတ်ခွဲစစ်ဆေးရာ သူနာပြုဆရာမတစ်ဦးသာ COVID-19 ရောဂါ ကူးစက်ခံရကြောင်း ဓါတ်ခွဲအဖြေရရှိပြီး ကျန်(၂၉)ဦးမှာ  ပိုးမတွေ့ကြောင်း အဖြေထွက်သည့် အတွက် ပိုးမတွေ့သူ (၂၉)ဦးကို ဧပြီလ (၂၄)ရက်နေ့၌ ဒုတိယအကြိမ် ထပ်မံစစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ဒီနေ့ Negative ထွက်တဲ့ (၂၉) ဦးကို နောက်တစ်ကြိမ် ဓါတ်ခွဲနမူနာယူစစ်ဆေးတာကို (၂၄) ရက်နေ့မှာ ထပ်လုပ်မယ်။ အခု အတည်ပြုလူနာနဲ့ အနီးကပ် ထိတွေ့သူတွေကိုလည်း ဓါတ်ခွဲစစ်ဆေးတာ လုပ်သွားပါမယ်

 ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မှ ပထမဆုံး အတည်ပြုလူနာ (Case 96) ဆရာဝန်နှင့် အနီးကပ်ထိတွေ့မှုရှိသည့် ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန် (၁၀)ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်းများနှင့် ၎င်းတို့၏အတူနေ မိသားစုဝင် စုစုပေါင်း (၃၀)ဦးကို ဧပြီလ (၁၉)ရက်နေ့က ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ ကျန်းမာရေးဝန်ထမ်းတစ်ဦးတွင် ပိုးတွေ့ရ၍ အတည်ပြုလူနာ (Case 112)အား ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမည်ဖြစ်သည်။

COVID 19 ပိုးသည် နှာချေ၊ ချောင်းဆိုးရာမှ ထွက်လာသည့် အမှုန်များနှင့်အတူ ပတ်ဝန်းကျင်သို့ ပျံ့နှံ့ပြီး ရောဂါပိုးရှိသူက ပါးစပ်၊ နှာခေါင်း မဖုံးအုပ်ဘဲ နှာချေ၊ ချောင်းဆိုးမိလျှင် အနားရှိသူများသို့ ကူးစက်နိုင်သည့်အပြင် နှာချေ၊ချောင်းဆိုးရာမှ လွင့်စင်လာသည့် ဗိုင်းရပ်စ်များ ကပ်ညှိကျန်ခဲ့သည့် နေရာကို ထိတွေ့မိသည့်လက်ဖြင့် မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတို့ကို ထိကိုင်မိရာမှလည်း ကူးစက်နိုင်ကြောင်း သိရသည်။

COVID-19 ကူးစက်ခံရနိုင်ခြင်း နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၌ ပါတီပွဲတစ်ခုတွင် အရက်ခွက်အတူသောက်သုံးပြီး ဆေးလိပ်တစ်လိပ်တည်းကို အလှည့်ကျသောက်ကြရာမှ COVID 19 ပိုး ကူးစက်ခံကြရသည်ကိုလည်း တွေ့ရှိထားကြောင်း သိရသည်။

COVID 19 ကို ကာကွယ်ရန် မဖြစ်မနေ အပြင်ထွက်ရပါက မျက်မှန်၊ နှာခေါင်းစည်းများဖြင့် ဖုံးအုပ်ခြင်း၊ လက်အား Hand Gel ဖြင့် မကြာခဏဆေးကြောခြင်း၊ ဆပ်ပြာဖြင့် မကြာခဏဆေးကြောခြင်းအပြင် WHO ၏ နောက်ဆုံးထုတ်ပြန်ချက်အရ လေမှတစ်ဆင့် ကူးစက်နိုင်ကြောင်းသိရသဖြင့် လူတစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေအကွာနေထိုင်ခြင်းက ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်သည်ဟု ကျန်းမာရေးဌာနက လမ်းညွန်ထားသည်။

Tachileik News Agency
သတင်း ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~