တာချီလိတ်ရှိ မြန်မာ - လာအိုနယ်စပ် ဝမ်ပုံဆိပ်ကမ်းကို မတ်လ (၂၉) ရက်နေ့မှစ၍ ယာယီပိတ်

တာချီလိတ်ရှိ မြန်မာ - လာအိုနယ်စပ် ဝမ်ပုံဆိပ်ကမ်းကို မတ်လ (၂၉) ရက်နေ့မှစ၍ ယာယီပိတ်
မတ် 29, 2020
By 🌸

တာချီလိတ်ရှိ မြန်မာ - လာအိုနယ်စပ် ဝမ်ပုံဆိပ်ကမ်းကို မတ်လ (၂၉) ရက်နေ့မှစ၍ ယာယီပိတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ လာအို - မြန်မာနယ်စပ် ဝမ်ပုံဆိပ်ကမ်းမှ အဝင်အထွက်ပြုလုပ်ခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှစ၍ ယာယီပိတ်လိုက်သဖြင့် လာအိုဘက်ရှိ မိုင်းမောဆိပ်ကမ်းတွင် နေရပ်ပြန်လိုသည့် မြန်မာလုပ်သား (၄၀) ကျော် ကမ်းကူးခွင့်မရဘဲဖြစ်နေကြောင်း သိရသည်။

“ဝမ်ပုံဆိပ်ကမ်းကနေ ဝင်ထွက်တာကို ခွင့်မပြုတော့ဘူး။ ပိတ်လိုက်ပြီ။ ဒီနေ့ကစပြီး ခရိုင်စီမံခန့်ခွဲရေးကော်မတီ ညွှန်ကြားချက်အရ ပိတ်ထားလိုက်ပြီ”

ဟု တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနှင့် လာအို နှစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်ခံရသူများရှိနေပြီဖြစ်၍ ဆိပ်ကမ်းမှ ဝင်ထွက်သွားလာခြင်းကို မတ်လ (၂၉)ရက်နေ့၌ ရုတ်တရက်ပိတ်လိုက်ရာ လာအိုနိုင်ငံ ဘိုကီယိုပြည်နယ်ဘက်မှ နေရပ်ပြန်လာသူများ ကမ်းကူးခွင့်မရတော့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ကအထိ ဝင်လို့ရနေတော့ ပြန်လာတာ။ အခု ဝင်လို့မရဘူးဆိုရင် ကာစီနိုကလည်း ပြန်ဝင်လို့မရတော့ဘူး”

ဟု လာအိုဘက်မှ ပြန်လာမည့် မြန်မာလုပ်သားတစ်ဦးက ပြောသည်။

မြန်မာ - လာအို နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို ပိတ်ထားပြီးဖြစ်သော်လည်း ဝမ်ပုံဆိပ်ကမ်းမှ မြန်မာလုပ်သားများ ဝင်ထွက်သွားလာမှုများကို မတ်လ (၂၉)ရက်နေ့မှစ၍ ယာယီပိတ်လိုက်ခြင်းဖြစ်သည်။
မတ်လ (၂၈) ရက်နေ့အထိ အတည်ပြုချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၈)ဦးနှင့် လာအိုနိုင်ငံတွင် အတည်ပြုလူနာ (၈)ဦးစီ တွေ့ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~