ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီတပ်အင်အားဖြည့်နေ၍ AA အရေးပေါ်ထုတ်ပြန်ကြေညာ

ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီတပ်အင်အားဖြည့်နေ၍ AA အရေးပေါ်ထုတ်ပြန်ကြေညာ
By Tachileik News Agency

ရခိုင်ပြည်နယ်အတွင်း တပ်စခန်းများ ဆုံးရှုံးထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်ဖက်သုံးယာဉ်များကိုပါသုံး၍ အင်အားဖြည့်တင်းလာသည်ကို တွေ့ရသည့်အတွက် ရက္ခိုင့်တပ်တော် -AA က ကုန်လမ်း၊ ရေလမ်းယာဉ်များကို စစ်ဆေးတော့မည်ဟု အရေးပေါ်ထုတ်ပြန်ကြေညာချက်တစ်စောင်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့တွင် ထုတ်ပြန်လာသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ၎င်းတို့တပ်စခန်းများ ဆုံးရှုံးထားသည့်နယ်မြေများဖြစ်သည့် ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၄၀ စခန်း၊ ခမရ ၃၅၂ တပ်ရင်းစခန်းကုန်း၊ ပလက်ဒေသအပါအဝင် ဒေသအချို့ကို လေယာဉ်၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်နေဆဲဖြစ်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေရှိနေသည်ဟု AA ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ပြည်နယ်တွင်း စစ်အင်အားဖြည့်တင်းလာနေသည့်အခြေအနေများကြောင့် ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေးယာဉ်ပိုင်ရှင်များအနေဖြင့် ပြည်နယ်တွင်း ရက္ခိုင်ပြည်သူ့အစိုးရ၏ ဒေသဆိုင်ရာ နိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံးနှင့် နယ်မြေရုံးများတွင် သတင်းပို့၍ သွားလာကြရန် သတိပေးထားသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ခမရ ၃၅၂ တပ်ရင်းစခန်းကုန်းကို စက်တင်ဘာလ (၁၀)ရက်နေ့နှင့် ဩဂုတ်လ (၃၁)ရက်နေ့က ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင် ၄၀ အနီး စစ်ကောင်စီတပ်စခန်းကုန်းတို့ကို AA  က သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။