တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၂)တွင် ကုန်ပစ္စည်းတင်ဆောင်လာသည့် ယာဉ်ပေါ်က စစ်သုံးပစ္စည်းများ တွေ့ရှိ၍ ယာဉ်မောင်းကို စရဖ က ဖမ်းဆီးပြီး စစ်ကြောရေး ပြုလုပ်နေ

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၂)တွင် ကုန်ပစ္စည်းတင်ဆောင်လာသည့် ယာဉ်ပေါ်က စစ်သုံးပစ္စည်းများ တွေ့ရှိ၍ ယာဉ်မောင်းကို စရဖ က ဖမ်းဆီးပြီး စစ်ကြောရေး ပြုလုပ်နေ
မတ် 31, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် မယ်ဆိုင်ကနေ တာချီလိတ်သို့ ကုန်ပစ္စည်းတင်လာသည့် ယာဉ်ပေါ်က စစ်သုံးပစ္စည်းများ စစ်ဆေးတွေ့ရှိ၍ ယာဉ်မောင်းအား စရဖက ဖမ်းဆီးခေါ်ဆောင်ကာ စစ်ကြောရေး ပြုလုပ်နေသည်။

၂၀၂၂ခုနှစ် မတ်လ(၃၀)ရက်နေ့ ညနေ(၄)နာရီ ဝန်းကျင်အချိန်က မယ်ဆိုင်မြို့မှ တာချီလိတ်သို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားကနေ  ဦးမျိုးတေဇာဝင်း မောင်းလာသည့် ကုန်ပစ္စည်းတင်ဆောင်လာသည့် ယာဉ်အား စစ်ဆေးရာမှ စစ်အသုံးဆောင် ပစ္စည်းများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်အတွင်းမှ AK47 ပြောင်းကာ (၂)ခု၊ AK47 ကိုယ်ထည်အဖုံး (၁)ခု၊ သေနတ်ထောက် (၂)ခု၊ ကျည်ဘောက်(၁)ခု၊ ကျည်ဘောက် နှင့် လက်ထိပ်ဘောက်တွဲလျက်(၁)ခု၊ သေနတ်အစိတ်အပိုင်း တွဲလျက် (၃)ခု နှင့် ကျည်ကာအင်္ကျီ (၄)ထည်၊ စစ်မြေပြင်သုံး ဦးထုပ်(၅)လုံး နှင့် ဦးထုပ်အစွပ်(၃)ခုတို့ကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

စစ်သုံးပစ္စည်းများကို တွေ့ရှိရခြင်းနှင့် ပတ်သက်၍ တာချီလိတ် စရတ(စရဖ)စု၊ စိတ်(၁)ရုံးသို့ ခေါ်ဆောင်သွားပြီး စစ်ကြောရေး ပြုလုပ်နေလျှက်ရှိကြောင်း Tachileik News Agency ၏ သတင်းရင်းမြစ်များထံက သိရသည်။