ရှမ်းပြည်နယ်တွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လူစုလူဝေးနှင့် ပွဲမိန့်များ ဖျက်သိမ်းရန် ပြည်နယ်အစိုးရ ညွှန်ကြား

ရှမ်းပြည်နယ်တွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လူစုလူဝေးနှင့် ပွဲမိန့်များ ဖျက်သိမ်းရန် ပြည်နယ်အစိုးရ ညွှန်ကြား
မတ် 4, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လူစုလူဝေးနှင့် ပွဲမိန့်များ ဖျက်သိမ်းရန် ပြည်နယ်အစိုးရ ညွှန်ကြား

လူစုလူဝေးများသော နေရာများတွင် ကိုရိုနာဗိုင်းရပ်စ် ( COVID 19 )ရောဂါကူးစက်ခံထားရသူတစ်ဦးပါဝင်ပါက အများအပြား ရောဂါကူးစက်ခံရနိုင်သဖြင့် လူစုလူဝေး၊ ပွဲလမ်းသဘင်များကို မပြုလုပ်ကြရန်နှင့် မဖြစ်မနေ ကျင်းပရသည့် ပွဲများတွင် လူနည်းနိုင်သမျှ နည်းစေရေးစီစဉ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ခရိုင်စီမံခန့်ခွဲမှုကော်မတီများထံ ညွှန်ကြားထားကြောင်း သိရသည်။

ပွဲအားလုံးအကျုံးဝင်ပါတယ်။ ဖြစ်နိုင်ရင် မလုပ်နဲ့ပေါ့လေ။ မဖြစ်မနေကို လုပ်ရမယ်ဆိုရင်လည်း အတတ်နိုင်ဆုံး လူစုလူဝေးနည်းဖို့ရယ်၊ နောက် ဖျားတဲ့နာတဲ့သူတွေ၊ ရောဂါရှိနိုင်တဲ့သူတွေမလာဖို့ ဒါကို အားလုံးပူးပေါင်းဆောင်ရွက်ပေးကြဖို့ စာထွက်ထားတာရှိပါတယ်။ ပွဲမိန့်တွေ ခွင့်ပြုထားပြီးသားဖြစ်နေရင်လည်း ပြန်ပြီး ဖျက်ပစ်ဖို့၊ နောက်တစ်ခုက နောက်ထပ်ပွဲမိန့်ကိုလည်း ထပ်ပြီးမပေးဖို့ပါတယ်

ဟု ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး (ကျိုင်းတုံ) ဦးရဲနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၄)ရက်နေ့တွင် ပြောသည်။

ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူများရှိနေနိုင်သဖြင့် လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း ၂၀၂၀ ခုနှစ် မတ်လဆန်းမှစ၍ ခရိုင်စီမံခန့်ခွဲမှုကော်မတီများကို ညွှန်ကြားချက်ထုတ်ထားခြင်းဖြစ်သည်။

COVID-19 ရောဂါပိုးကူးစက်ခံရပါက ချက်ချင်းရောဂါ လက္ခဏာများပြသမည်မဟုတ်ဘဲ ရောဂါပျိုးချိန်ကာလ အနည်းဆုံး (၂)ရက်မှ (၁၄)ရက်အထိ ကြာမြင့်ပြီးမှ ရောဂါလက္ခဏာများစတင်ပြသခြင်းဖြစ်ရာ COVID-19 ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများ (သို့မဟုတ်) ရောဂါဖြစ်ပွား သေဆုံးမှု များပြားနေသော နေရာဒေသ၊ နိုင်ငံများမှ ပြည်တွင်းသို့ ရောက်ရှိလာကြသူများသည် ရောဂါပိုးကူးစက်ခံခဲ့ရသူများဖြစ်နေနိုင်သဖြင့် လူစုလူဝေးပြုလုပ်ခြင်းအား တားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။

COVID 19 ကူးစက်မြန်ရောဂါ ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း သီပေါတွင် ကျင်းပမည့် ဘော်ကြိုဘုရားပွဲတော်နှင့် ပင်းတယတွင် ကျင်းပမည့် ရွှေဥမင်ဘုရား ဗုဒ္ဓပူဇနိယ တပေါင်းပွဲတို့ကိုလည်း ဖျက်သိမ်းလိုက်သည်ကို တွေ့ရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၀ ခုနှစ်၊ မတ်လ (၂)ရက်နေ့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါသည် တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၆၅) နိုင်ငံတွင် ကူးစက် ပျံ့နှံ့လျက်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ COVID-19 ရောဂါဖြစ်ပွားသူ မတွေ့ရှိသေးသော်လည်း လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းကြောင်းများဖြင့် ရောဂါဖြစ်ပွားပျံ့နှံ့ရာ နေရာဒေသများမှ ခရီးသည် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများ ပြည်တွင်းသို့ ဝင်ရောက်မှုများရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~