ရှမ်းပြည်နယ်တွင်း ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် ဆေးရုံ (၈)ခု သတ်မှတ် ပြင်ဆင်ထား

ရှမ်းပြည်နယ်တွင်း ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် ဆေးရုံ (၈)ခု သတ်မှတ် ပြင်ဆင်ထား
မတ် 27, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် ဆေးရုံ (၈)ခု သတ်မှတ် ပြင်ဆင်ထား

ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကုသရေးဆေးရုံ (၈)ခု ပြင်ဆင်ထားပြီး ကုသရေးအတွက် မဖြစ်မနေ လိုအပ်သည့် ဆေးပစ္စည်း (၁၄)မျိုးကို အစိုးရရန်ပုံငွေဖြင့် ဖြည့်ဆည်းခြင်းကို ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီ ဥက္ကဌထံမှ သိရသည်။

တောင်ကြီးက အမျိုးသမီးနဲ့ ကလေးဆေးရုံကိုလည်း ကျွန်တော်တို့ COVID-19 ကုသရေးဆေးရုံအဖြစ် ထပ်တိုး သတ်မှတ်ပြီး လိုအပ်တာကို အစိုးရက ထောက်ပံ့ပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်တယ်။ အဲဒီဆေးရုံအပါအဝင် ဆိုရင် ပြည်နယ်အတွင်း စုစုပေါင်း ဆေးရုံ (၈) ခု ဖြစ်သွားပြီ။ အဲဒီ (၈)ခုမှာ လိုအပ်တဲ့ အောက်ဆီဂျင်ဆလင်ဒါတွေ၊ လိုအပ်တဲ့ ဆေးပစ္စည်း၊ ကိရိယာတွေ ပြင်ဆင်ဖို့၊ လိုအပ်တာတွေကို ပြည်နယ်အစိုးရက ထောက်ပံ့ပေးဖို့ ဆုံးဖြတ်တယ်။ လူနာရှိလာပြီဆိုရင် မဖြစ်မနေလိုအပ်မယ့်ပစ္စည်း (၁၄)မျိုးနဲ့ အစိုးရရန်ပုံငွေနဲ့ ပြင်ဆင်နေပါတယ်

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကုသရေးဆေးရုံများအဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စဝ်စံထွန်းဆေးရုံ၊ လွိုင်လင်ဆေးရုံနှင့် ကလောဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုးဆေးရုံနှင့် မူဆယ်ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ကျိုင်းတုံနှင့် တာချီလိတ်ဆေးရုံများကို ပြင်ဆင်ထားခြင်းဖြစ်ပြီး လားရှိုးပြည်သူ့ဆေးရုံတွင် ကုတင် (၂၄)လုံးဆံ့ Isolation ward အပြင် အသစ်ဆောက်လုပ်ထားသည့် (၅)ထပ်ဆေးရုံ၏ အထပ်နှစ်ထပ်တွင် ကုတင် (၁၆၀)ဆံ့ ပြင်ဆင်မည်ဖြစ်ပြီး မူဆယ်မြို့ရှိ အသစ်ဆောက်လုပ်ထားသည့် (၄)ထပ်ဆေးရုံကိုလည်း COVID 19 ကုသရေးဆေးရုံအဖြစ် ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။

ထောက်ပံ့တာ အနေနဲ့က ပြည်နယ်အစိုးရက (၄) ကြိမ်ထောက်ပံ့ထားပြီ။ ပထမအကြိမ်က Hand Gel တွေ Mask တွေ Non Contact Thermometer ဝယ်ဖို့ (၁၆၉)သိန်း (၉) သောင်း ထောက်ပံ့ပေးတယ်။ ဒုတိယအကြိမ်က ရှမ်းရှေ့နဲ့ ရှမ်းမြောက်က ဗော်လံတီယာတွေ ထောက်ပံ့ပေးဖို့ သိန်း (၆၀)၊ တတိယအကြိမ်ကတော့ PPE အစုံ (၃၀၀၀) ဝယ်ဖို့ (၂၈၅)သိန်းထောက်ပံ့ပေးတယ်။ နောက်ပထမသတ်မှတ်ထားတဲ့ ဆေးရုံ (၇)ခုကို ထောက်ပံ့ပေးဖို့ စုစုပေါင်း ပစ္စည်း (၁၄)မျိုးဝယ်ဖို့ (၁၄၅၇.၉) သိန်းကို ထောက်ပံ့ပေးဖို့ သဘောတူတယ်။ အဲဒါကိုတော့ ပြည်နယ်ကျန်းမာတွေက ပစ္စည်းဝယ်ပေးမှာပေါ့။ လိုအပ်ရင်တော့ နယ်တွေကို သူတို့က ဆက်ပြီး ဖြန့်ပေးမှာပေါ့။ လတ်တလောကတော့ ပြည်နယ်အစိုးရက မှာထားတဲ့ PPE အစုံ (၄၀၀၀)မှာ အစုံ (၃၂၀၀)ကျော် ရောက်လာလို့ ရှမ်းမြောက်ကို (၁၂၀၀)၊ ရှမ်းရှေ့ကို (၅၀၀) လောလောဆယ်ပို့ထားတယ်

ဟု ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က ပြောသည်။

ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် Quarantine လုပ်ရန်လိုအပ်ပြီး Home Quarantine အခက်အခဲရှိသည့်အခြေအနေများအတွက် စုပေါင်း Quarantine လုပ်နိုင်ရန် သက်ဆိုင်ရာ ဒေသအလိုက် မြို့နယ်အားကစားရုံ၊ ဆေးရုံအဟောင်း၊ ဆေးဂိုဒေါင်တွေကို Quarantine အဖြစ် ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~