အမှိုက်မှ မြေဩဇာ ထုတ်လုပ်နိုင်ရန် စက်ရုံအတွက် မြေနေရာတိုင်းတာ

အမှိုက်မှ မြေဩဇာ ထုတ်လုပ်နိုင်ရန် စက်ရုံအတွက် မြေနေရာတိုင်းတာ
မတ် 6, 2020
By Tachileik News Agency
 အမှိုက်မှ မြေဩဇာ ထုတ်လုပ်နိုင်ရန် စက်ရုံအတွက်  မြေနေရာတိုင်းတာ

အမှိုက်မှ မြေဩဇာထုတ်လုပ်နိုင်ရန်အတွက် ပြင်သစ်နိုင်ငံအခြေစိုက် GRET Myanmar အဖွဲ့က မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ဆောက်လုပ်လှူဒါန်းပေးမည့် စက်ရုံအား တည်ဆောက်ရန် ၂၀၂၀ခုနှစ် မတ်လ (၅)ရက်နေ့က မြေနေရာ တိုင်းတာသတ်မှတ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း သိရသည်။

“အမှိုက်ကျင်း အကျယ်အဝန်းက (၇)ဧကလောက် ရှိပါတယ်။ အမှိုက်ကနေ မြေသြဇာထုတ်လုပ်နိုင်ဖို့ စက်ရုံတည်ဆောက်ဖို့နဲ့ ပတ်သက်လို့ လုပ်ငန်းတင်ဒါကို GRET ရဲ့ အစီအစဉ်နဲ့ ခေါ်တာဖြစ်ပြီး ရွေးလို့လည်းပြီးသွားပါပြီ။ မြေနေရာတိုင်းတာ သတ်မှတ်တာကို  ဒီနေ့ လုပ်ဆောင်နေကြတာပါ” ဟု မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်မျိုးသိန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

GRET INGO မှ ဇီဝမြေသြဇာ ထုတ်လုပ်ရေးလုပ်ငန်းအတွက် (၂)နှစ်ကျော်ကြာ လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ငွေကျပ် (၁၇ ဒသမ ၈၅၀) သန်း အသုံးပြုကာ စက်ရုံတည်ဆောက်သွားမည်ဖြစ်ပြီး မကွေးမြို့၏  မြို့ ရှောင်လမ်းရှိ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ( Final Disposal )နေရာ၌ မြေနေရာတိုင်းတာသတ်မှတ်ခြင်း လုပ်ငန်းများကို မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးမြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးဖိုးနီ နှင့် ကော်မတီဝင်များ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ လမ်းဦးစီးဌာန ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မှတာဝန်ရှိသူများ ၊ မကွေးမြို့နယ်စည်ပင် အမှုဆောင်အရာရှိ ၊ စည်ပင်အင်ဂျင်နီယာ မှူး နှင့် ဝန်ထမ်းများ ၊ GRET Myanmar မှ တာဝန်ရှိသူများဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

“အမှိုက်ပုံကြီးကို မီးရှို့ရှင်းလင်းနေရတာဆိုတော့ ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုနဲ့ ကြုံတွေ့နေရတယ်။ မီးဘေးအန္တရာယ်လည်းရှိတယ်။ အခုလို အမှိုက်ကမြေသြဇာထုတ်မယ့်စက်ရုံတည်မယ်။ လေထုသန့်စင်ရေးစနစ် လည်းပါမယ်လို့သိရတော့ အရမ်းဝမ်းသာရပါတယ်”ဟု အမှိုက်ပုံနှင့် အနီးဆုံးရပ်ကွက်နေသူတစ်ဦးက ပြောသည်။

တိုင်းတာသတ်မှတ်မှု လုပ်ဆောင်ရာတွင် လေ့လာဆန်းစစ်ချက်များအရ မကွေးမြို့၌နေ့စဉ်အမှိုက်တန်ချိန် (၅၆) တန်ဝန်းကျင်ထွက်ရှိပြီး ယင်းတို့ထဲမှ (၇၀)ရာခိုင်နှုန်းခန့် မြေသြဇာထုတ်ယူနိုင်မည်ဖြစ်ပြီး ထွက်ရှိလာမည့်မြေသြ ဇာများကို တောင်သူများထံ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရပြီး လုပ်ငန်းစတင်ချိန်တွင် စက်ရုံကို GRET မှ ဦးစီး လည်ပတ်မည်ဖြစ်ပြီး စည်ပင်ဝန်ထမ်းများကို သင်တန်းပေးပြီးပါက မြို့နယ်စည်ပင်သို့ အပြီးအပြတ် လှူဒါန်းသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~