တာချီလိတ်မှ ပုံမှန်ဝင်ငွေမရှိ အိမ်ထောင်စုများအားလုံးကို စားနပ်ရိက္ခာ ပံ့ပိုးမည်ဖြစ်၍ မည်သူမဆို ပူးပေါင်းပါဝင် ကူညီနိုင်

တာချီလိတ်မှ ပုံမှန်ဝင်ငွေမရှိ အိမ်ထောင်စုများအားလုံးကို စားနပ်ရိက္ခာ ပံ့ပိုးမည်ဖြစ်၍ မည်သူမဆို ပူးပေါင်းပါဝင် ကူညီနိုင်
ဧပြီ 13, 2020
By Tachileik News Agency
တာချီလိတ်မှ ပုံမှန်ဝင်ငွေမရှိ အိမ်ထောင်စုများအားလုံးကို စားနပ်ရိက္ခာ ပံ့ပိုးမည်ဖြစ်၍ မည်သူမဆို ပူးပေါင်းပါဝင် ကူညီနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား သင်္ကြန်ကာလ စားနပ်ရိက္ခာပေးဝေခြင်းကို တာချီလိတ်မှ မြို့မိမြို့ဖနှင့် လုပ်ငန်းရှင်များက နိုင်ငံတော်ကိုယ်စား ဆောင်ရွက်နေကြပြီး အခက်အခဲရှိ အိမ်ထောင်စုတိုင်း ရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်၍ ပူးပေါင်းကူညီလိုသူများနှင့် စားနပ်ရိက္ခာပံ့ပိုးရန် ကျန်ရှိသူများ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။

ပထမတော့ ကျွန်တော်တို့ အခြေခံလူတန်းစားအတွက်ကို (၂,၈၅၀) ဆိုပေမဲ့ (၃,၅၀၀)စာ လျာထားတယ်။ ဒါကြောင့် (၆၅၀)စာ အပိုလျာထားပါတယ်။ အိမ်ထောင်စု (၅၀၀)စာဝေထားပြီ။ လောလောဆယ် (၂,၈၅၀) အတွက် ဝယ်ထားတဲ့အပြင် ပုဂ္ဂလိက အလှူရှင်တွေက  ငွေကြေး မဟုတ်ဘဲ ကြက်သွန်တို့ ဆီတို့ သီးခြားလာလှူတာလည်း ရှိပါတယ်။ ကြက်ခြေနီတို့ အလင်းရောင် တို့ကလည်း ပူးပေါင်းကူညီနေတာရှိပါတယ်။ ပူးပေါင်းကူညီလိုသူတွေကိုလည်း ဖိတ်ခေါ်ပါတယ်

ဟု တာချီလိတ်မြို့နယ်အတွင်း စားနပ်ရိက္ခာပံ့ပိုးနေသည့်အဖွဲ့မှ မြို့မိမြို့ဖ နှင့် လုပ်ငန်းရှင်အဖွဲ့မှ တစ်ဦးဖြစ်သူ ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့နယ်အတွင်း ကနဦး စာရင်းကောက်ယူရရှိထားသည့် အိမ်ထောင်စုပေါင်း (၂,၈၅၀)အတွက် ရပ်ကွက်၊ ကျေးရွာများအလိုက် အိမ်တိုင်ရာရောက် ပေးဝေနေခြင်းဖြစ်ပြီး စာရင်းကျန်နေသူများရှိပါက ထပ်မံပေးဝေနိုင်ရန်လည်း ပြင်ဆင်နေကြောင်းသိရသည်။

“လောလောဆယ်ကတော့ အိမ်ထောင်စု (၂,၈၅၀) ဆိုတော့ အရင်ဆုံး အဲဒါပြည့်မီအောင် လုပ်သွားမယ်။ အဲဒါပြီးရင် ဆန်နဲ့ပဲက ထုပ်ရတာ နည်းနည်းလက်ဝင်တော့ ဆန်နဲ့ပဲကို (၃,၅၀၀)စာ ထပ်ပြင်ထားမှာပါ။ အရန်အနေနဲ့အဲဒီလို စီစဉ်ထားပါတယ်”ဟု ဦးကျော်စွာလွင်က ပြောသည်။

သင်္ကြန်ကာလအတွင်း စားနပ်ရိက္ခာအခက်အခဲဖြစ်နိုင်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စားနပ်ရိက္ခာပေးဝေရန်အတွက် ပူးပေါင်းကူညီလိုသူများ၊ ပထမအကြိမ် ပေးဝေစဉ်က စာရင်းကျန်ခဲ့သည့် အိမ်ထောင်စုများအနေဖြင့် စားနပ်ရိက္ခာပေးဝေရေးအဖွဲ့ထံ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~