တပ်မတော်၏ အခန်းကဏ္ဍများ ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေပုဒ်မ (၁၄)ခု မဲခွဲဆုံးဖြတ်ရာ (၁၂)ခု ရှုံးနိမ့်

တပ်မတော်၏ အခန်းကဏ္ဍများ ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေပုဒ်မ (၁၄)ခု မဲခွဲဆုံးဖြတ်ရာ (၁၂)ခု ရှုံးနိမ့်
မတ် 10, 2020
By Tachileik News Agency
တပ်မတော်၏ အခန်းကဏ္ဍများ ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေပုဒ်မ (၁၄)ခု မဲခွဲဆုံးဖြတ်ရာ (၁၂)ခု ရှုံးနိမ့် 

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆) ပုဒ်မခွဲ (က) တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ (၁၄) ခုမှာ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ ပုဒ်မ၊ ပုဒ်မခွဲ (၁၂)ခု ရှုံးနိမ့်သွားသည်။

တပ်မတော်၏ အခန်းကဏ္ဍများ ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆) ပုဒ်မခွဲ (က) တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ (၁၄) ခုကို ဆန္ဒမဲလက်မှတ် (၁)အဖြစ် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ပုဒ်မ၊ ပုဒ်မခွဲ (၁၂) ခုမှာ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ (၇၅) ရာခိုင်နှုန်းမကျော်သဖြင့် မူလအတိုင်းရှိနေမည်ဖြစ်သည်။
ကျန်ပြင်ဆင်လိုသည့် ဥပဒေပုဒ်မများအတွက် ဆန္ဒမဲခွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် မတ်လ (၁၁)ရက်နေ့၌ ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

ယနေ့ဆန္ဒမဲခွဲရာတွင် ပုဒ်မ (၅) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၂၃၆) မဲ၊ ပုဒ်မ (၆) ပုဒ်မခွဲ (ဃ) ပြင်ဆင်မှု အတွက် ထောက်ခံဆန္ဒမဲ (၄၁၄) မဲ၊ ပုဒ်မ (၆) ပုဒ်မခွဲ (စ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၁၀) မဲ၊ ပုဒ်မ (၇) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၁၃) မဲ၊ ပုဒ်မ (ဂ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၁၄) မဲ၊ ပုဒ်မ (၁၄) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၀၄) မဲ၊ ပုဒ်မ (၁၇) ပုဒ်မခွဲ (ခ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၀၁) မဲ၊ ပုဒ်မ (၂၀) ပုဒ်မခွဲ (ဂ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၀၃) မဲ၊ ပုဒ်မ (၂၆) ပုဒ်မခွဲ (က) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ (၃၉၅) မဲ၊ ပုဒ်မ (၃၉) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၀၆) မဲ၊ ပုဒ်မ (၄၀) ပုဒ်မခွဲ (ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၀၂) မဲ၊ ပုဒ်မ (၄၀) ပုဒ်မခွဲ (ဂ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၃၄၃) မဲ အသီးသီးရရှိခဲ့ပြီး ထောက်ခံဆန္ဒမဲ (၇၅) ရာခိုင်နှုန်းကျော်လွန်ခြင်းမရှိသည့်အတွက် မူလအတိုင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ပုဒ်မ (၃၂) ပုဒ်မခွဲ (က) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၅၈၄) မဲ၊ ပုဒ်မ (၃၂) ပုဒ်မခွဲ (ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၅၈၆) မဲ အသီးသီးရရှိခဲ့သည့်အတွက် ထောက်ခံဆန္ဒမဲ (၇၅) ရာခိုင်နှုန်းကျော်ထောက်ခံတဲ့အတွက် ပြင်ဆင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၂၀ ခုနှစ် မတ်လ (၁၀) ရက်နေ့တွင်ကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် (၆၃၃) ဦးတက်ရောက်ခဲ့ပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ခွင့်တိုင်ကြားသူ (၄၃) ဦးရှိခဲ့ကြောင်း သိရသည်။       
             
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပါ ပုဒ်မ (၄၃၆(က)) အရ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဥပဒေပုဒ်မများကို ပြင်ဆင်လိုပါက တပ်မတော်သားကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းပါဝင်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ (၇၅)ရာခိုင်နှုန်းကျော်မှသာ ပြင်ဆင်ရန် သဘောတူလက်ခံပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

 Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~