ရွေး/ကော်က ချမှတ်ထားသည့် စံ(၅)ချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် မကွေးတိုင်းအတွင်းမှ ကြည်ညိုလေးစားခံရသူများနှင့် ဝန်ထမ်းများကို သင်တန်းများ ပို့ချ

ရွေး/ကော်က ချမှတ်ထားသည့် စံ(၅)ချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် မကွေးတိုင်းအတွင်းမှ ကြည်ညိုလေးစားခံရသူများနှင့် ဝန်ထမ်းများကို သင်တန်းများ ပို့ချ
ဖေဖော်ဝါရီ 4, 2020
By Tachileik News Agency
ရွေး/ကော်က ချမှတ်ထားသည့် စံ(၅)ချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် မကွေးတိုင်းအတွင်းမှ ကြည်ညိုလေးစားခံရသူများနှင့် ဝန်ထမ်းများကို သင်တန်းများ ပို့ချ

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားသည့် စံ(၅)ချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်အသီးသီးရှိ  အများပြည်သူကြည်ညိုလေးစားခံရသည့် ပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများအား မကွေးတိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်မှုဖြင့် စွမ်းရည်မြှင့်သင်တန်းများ ပို့ချပေးနေကြောင်း သိရသည်။

“အထွေထွေရွေးကောက်ပွဲကြီးဟာ လွတ်လပ်ရမယ်၊ တရားမျှတမှု ရှိရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ အများယုံကြည် လက်ခံရမယ်၊ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမယ် ဆိုတဲ့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ စံ(၅)ချက်ကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ရွေးကောက်ပွဲလုပ်ငန်းတွေကို ဆောင်ရွက်ကြမယ့် ခရိုင်/မြို့နယ်အဆင့်ဆင့်က ပုဂ္ဂိုလ်တွေကို လုပ်ငန်းပိုမို ကျွမ်းကျင်မှု ရှိလာစေရေးအတွက် ရည်ရွယ်ပြီး သင်တန်းတွေ ပြုလုပ်တာဖြစ်ပါတယ်”

ဟု မကွေးတိုင်းဒေသ ကြီး ရွေးကောက်ပွဲအရာရှိ ဦးစိုးထွဋ်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးခရိုင်အနေဖြင့် ခရိုင်အတွင်းမှ အများပြည်သူလေးစားခြင်းခံရသူ (၃၈)ဦးနှင့် ဝန်ထမ်း(၁၁)ဦး၊ ပေါင်း (၄၉)ဦး အား ဖေဖော်ဝါရီလ(၄)ရက်နေ့က စ၍ မကွေးမြို့စုပေါင်းရုံးခန်းမ ၌ (၂)ရက် သင်တန်းပေးလျှက်ရှိ နေပြီး မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်တို့တွင်လည်း အဆိုပါသင်တန်းများ ပြုလုပ် လျှက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံရေးပါတီ အရေအတွက်မှာ လတ်တလောတွင် ပါတီပေါင်း (၂၀)ကျော်ရှိနေပြီး မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအကြိုကာလတွင် ယခုကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိနေသည့်အပြင် လဝက  မှ စိစစ်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကောက်ယူ ထားသည့် လူဦးရေစာရင်းအား မဲစာရင်းအဖြစ်ရိုက်နှိပ်နိုင်ရန် စိစစ် ဆောင်ရွက်ခြင်း လုပ်ငန်းများ၊   မကွေးတိုင်းအတွင်း (၃)သိန်းဝန်းကျင်ခန့်ရှိမည့် လူငယ်များမှာ ၂၀၂၀ပြည့်နှစ် ၌ ပထမဆုံးအကြိမ် မဲပေးကြရမည်ဖြစ်၍  ၎င်းတို့ အနေဖြင့် မဲပေးတတ်ရန်အတွက် လူငယ်တွေ့ဆုံပွဲများ ပြုလုပ်နိုင်ရန်လည်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~