မကြယ်စင်၏ အုတ်ဂူရှိရာ မန္တလေးမြို့  ယူနန်သင်္ချိုင်းအနီးတွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ရောက်နေ၍ ကျေးရွာလူထုက စောင့်ဆိုင်းနေ

မကြယ်စင်၏ အုတ်ဂူရှိရာ မန္တလေးမြို့  ယူနန်သင်္ချိုင်းအနီးတွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ရောက်နေ၍ ကျေးရွာလူထုက စောင့်ဆိုင်းနေ
By Tachileik News Agency

မန္တလေးတွင် ဆန္ဒထုတ်ဖေါ်မှုအတွင်း ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့ရသည့် မကြယ်စင်၏ ရုပ်အလောင်းမြုပ်နှံရာ ယူနန်သင်္ချိုင်းတွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့က ၂၀၂၁ ခုနှစ် မတ်လ (၅) ရက်နေ့ ညနေပိုင်းတွင် ရောက်လာသဖြင့် အနီးဝန်းကျင်ကျေးရွာလူထုက လူအင်အားဖြင့် ဝိုင်းဝန်းတားဆီးသော်လည်း စစ်တပ်နှင့်ရဲတပ်ဖွဲ့က သင်္ချိုင်းတွင်း တံခါးပိတ်ထားသည်ဟု သိရသည်။

မန္တလေးတွင် မတ်လ (၃) ရက်နေ့က ၈၄ လမ်းနှင့် လမ်း ၃၀ ထိုင်သပိတ်အား စစ်တပ်နှင့်ရဲက ပစ်ခတ်ဖြိုခွင်းမှုအတွင်း သေနတ်ထိမှန်သေဆုံးခဲ့ရပြီး မတ်လ (၄) ရက်နေ့၌ ဂူသွင်းဂြိုလ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ထုတ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင်သတင်းစာ မန္တလေးနေ့စဥ်နှင့် စစ်တပ်ပိုင်သတင်းစာ ရတနာပုံတို့တွင် မကြယ်စင်သေဆုံးမှုကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းဖော်ပြထားပြီးနောက် ညနေ (၄)နာရီဝန်းကျင်တွင် ရဲကား (၂)စီးနှင့် စစ်ကား (၁)စီးတို့ ယူနန်သင်္ချိုင်းသို့ ရောက်လာကြခြင်းဖြစ်သည်။

အနီးဝန်းကျင်ဒေသခံများက အလောင်းပြန်ပါမသွားရေးအတွက် ရွာထိပ်လမ်းမအနီးတွင် ပိတ်ဆို့ထားရာသို့ စစ်ကားတစ်စီး လာရပ်ထားကြောင်း  ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ည (၆)နာရီခွဲအချိန်တွင် အတည်ပြုပြောခဲ့သည်။

Tachileik News Agency