နယ်မြေခံရဲနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကြောင့် တရားမဝင်သစ်စက်များ လုပ်ကိုင်ခွင့်ရနေဟု လွှတ်တော်ကိုယ်စားလှယ် ထောက်ပြဝေဖန်

နယ်မြေခံရဲနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကြောင့် တရားမဝင်သစ်စက်များ လုပ်ကိုင်ခွင့်ရနေဟု လွှတ်တော်ကိုယ်စားလှယ် ထောက်ပြဝေဖန်
ဖေဖော်ဝါရီ 24, 2020
By Tachileik News Agency
နယ်မြေခံရဲနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကြောင့် တရားမဝင်သစ်စက်များ လုပ်ကိုင်ခွင့်ရနေဟု လွှတ်တော်ကိုယ်စားလှယ် ထောက်ပြဝေဖန်

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ် နယ်စပ်မှ တရားမဝင်လုပ်ကိုင်နေသည့် သစ်စက်များကို ပြည်သူလူထုသတင်းပေးမှုဖြင့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ(၂၃)ရက်နေ့တွင် ဖမ်းမိပြီးနောက် ယင်းသစ်စက်များ လုပ်ကိုင်ခွင့် ရရှိနေခြင်းမှာ နယ်မြေခံရဲနှင့် ဌာနဆိုင်ရာဝန်များ၏ အားနည်းချက်ကြောင့် ဖြစ်သည်ဟု မင်းတုန်းမဲဆန္ဒနယ်အမှတ်(၁)မှ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က မှတ်ချက်ပြုလိုက်သည်။

နယ်မြေခံပြည်သူတွေရဲ့ ပူးပေါင်းမှုအပေါ်မှာ အလွန်ကျေးဇူးတင်ရပါတယ်။ သူတို့သတင်းပေးလို့ အခုလိုဖမ်းဆီးနိုင်ခဲ့တာပါ။ ဒေသခံရဲနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့အားနည်းချက်ပေါ့ဗျာ။ ဌာနဆိုင်ရာတွေကို မပြောချင်ပေမဲ့ မပြောမဖြစ်လို့ပြောရတာပါ။ ဘာဖြစ်လို့လဲဆိုရင် ဒီလောက် သစ်စက်ကြီး(၅)စက် လည်ပတ်နေတာကို တာဝန်ရှိတဲ့ သစ်တောတို့၊ ရဲတို့က မသိဘူးဆိုတာ ဟုတ်ပါ့မလားဗျာ

ဟု မင်းတုန်းမဲဆန္ဒနယ်အမှတ်(၁)မှ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ပြောသည်။

ကံမမြို့နယ် ဒေသခံများက ဓာတ်ပုံအထောက်အထားများနှင့်တကွ မင်းတုန်းမဲဆန္ဒနယ်အမှတ်(၁)မှ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းထံ သတင်းပေးတိုင်တန်းသဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြ၍ ရဲတပ်ဖွဲ့၊ သက်ဆိုင်သည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တကွ သတင်းပေးနေရာသို့ သွားရောက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ် နယ်စပ်အနီးရှိ ကျောက်ပန်းတောင်းကျေးရွာအပြင်ဘက်တွင် ဦးမောင်လွင်၊ ဦးသန်းအေး၊ ဦးပဲနောက်တို့ ပိုင်ဆိုင်လုပ်ကိုင်နေသည့် သစ်စက်(၃)လုံးမှ သစ်များကိုမူ သစ်စက်ပစ္စည်းနှင့်တကွ ဖမ်းဆီးရမိခဲ့သော်လည်း ရွာအတွင်းရှိ  ဦးခင်မောင်မြင့်နှင့် ဦးဖိုးလေးတို့ ပိုင်ဆိုင်လုပ်ကိုင်နေသော သစ်စက် (၂) လုံးကိုမူ တွေ့ရှိသိမ်းဆည်းနိုင်ခြင်းမရှိခဲ့ဘဲ သစ်များကိုသာ တွေ့ရှိသိမ်းဆည်းရမိသဖြင့် အဆိုပါ သစ်စက်(၅)လုံးမှ ကျွန်း၊ ပျဉ်းကတိုးနှင့် အခြားသစ်များအပါအဝင် တရားမဝင် သစ်(၃၅)တန်ခန့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် သစ်ခွဲစက်လုပ်ငန်းလုပ်ကိုင်နေသူ ဦးမောင်လွင်ပါ (၅)ဦးအား ကံမမြို့မရဲစခန်းတွင် သစ်တောဥပဒေပုဒ်မ ၄၁/၄၃ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းသည် ၂၀၁၉ ခုနှစ်ကလည်း မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ်အနီးရှိ တရားမဝင်လုပ်ကိုင်နေသည့် သစ်စက်များအား ၎င်းကိုယ်တိုင် ဦးဆောင် ဖမ်းဆီးနိုင်ခဲ့သဖြင့် တန်(၁၅၀) ကျော်ရှိ သစ်လုံးပေါင်း(၆၀၀)ကျော်ကို သိမ်း ဆည်းနိုင်ခဲ့ကာ ထိုသို့ဖမ်းဆီးနိုင်ခဲ့သည့်အတွက် မကွေးတိုင်း အစိုးရအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အတူ ၊ ဆုငွေ ကျပ်(၁၅)သိန်း ချီးမြှင့်ခံခဲ့ရဖူးကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ဦးတင်ဝင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~