မဲမြို့တွင် လူသတ်မှုဖြစ်ပွား၊ လာဖမ်းတဲ့ရဲကို ဓါးနဲ့ပြန်ခုတ်၍ ပစ်ခတ်ဖမ်းရ

မဲမြို့တွင် လူသတ်မှုဖြစ်ပွား၊ လာဖမ်းတဲ့ရဲကို ဓါးနဲ့ပြန်ခုတ်၍ ပစ်ခတ်ဖမ်းရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ် ဧပြီလ (၂၅) ရက်နေ့က လူသတ်မှုဖြစ်ပွားသည်ဟု သတင်းရသည့်နေအိမ်အား ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ် ရဲတပ်ဖွဲ့ဝင်အား ဓါးဖြင့်ခုတ်သူကို သေနတ်ဖြင့် (၅) ချက် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု သိရသည်။



အခင်းဖြစ်နေအိမ်မှ လူသတ်မှုကျူးလွန်သူဟု ယူဆရသည့် အမျိုးသားက လာရောက်စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓါးဖြင့်ဝင်ခုတ်သဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်ပြီး ပစ်ခတ်ခံရသူအား ထိမှန်ခြင်းမရှိကြောင်း သိရသည်။

 



ကျောက်မဲမြို့၊ ရပ်ကွက် (၂)၊ ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ  စိုက်ပျိုးရေးရုံး(လမ်းခွဲ)အကျော်ရှိ ကျောက်မီးသွေးတွင်းသွားလမ်းဘေးမှ တဲအိမ်တစ်အိမ်အတွင်း လူသတ်မှုဖြစ်ကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ည (၈)နာရီကျော်အချိန်တွင် သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

‌သတ်ခံရ၍ သေဆုံးနေသူမှာ ဇနီးဖြစ်သူဘက်က ပါလာသည့် သား ( မယားပါ သား )ဖြစ်ကြောင်းသိရပြီး လူသတ်မှုကျူးလွန်သူဟု ယူဆရသူအား ရဲကဖမ်းသွားပြီး ဆက်လက်၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။